Friday, May 15, 2009

No Nargis

နာဂစ် ငါမချစ်တော့ဘူး

မာမာအေး

မေ ၄၊ ၂၀၀၉

‘ နာဂစ်၊ နာဂစ်’ နဲ့

ငါချစ်ခဲ့တာ၊ မာသာအိန္ဒိယ၊ ရွှေမင်းသမီးလေး ပပ

သူက နွယ်ဆင်း

‘နာဂင်း’ဆိုတဲ့ မြွေဇာတ်ကားတွေ

မနားမနေ ငါကြည့်ခဲ့လေ ကြိုက်ခဲ့လေရဲ့။

ဘယ့်နဲ့လဲကွယ်

သည်နာမည် တကယ်မုန်းရအောင်

ကံက ဆောင်တယ်။

မင်း သိမယ်ထင်ပါတယ်

တို့များ ဧရာနယ်က

ရေဇလာဝယ်၊ ဗေဒါသဖွယ်၊ သေရွာလယ်

နာဂစ်မုန်တိုင်း ဒီရေလှိုင်းက မိုက်ရိုင်းလွန်းခဲ့တယ်။

အို … ကယ်လို့ မဆုံးနိုင်ဘူး

နှစ်ကူး လာပြီကွယ်

အဘယ်သို့သော မုန်တိုင်း

အသံလှိုင်းကကြေငြာ

ပြေးစရာ မြေမရှိ

မြှုံးမိတဲ့ ငါးဘဝ

ဒုက္ခပြီးရင်း ဒုက္ခ

ငါ ဝေမျှ ခံစားနေရတယ်

‘အဘယ် နာဂစ်’

ငါ မချစ်တော့တာ ဆန်းသလားကွယ်။

၂ဝဝ၉ ခုနှစ်၊ ဧပြီလ ၃ဝ ရက် ၊

ကြာသာပတေးနေ့ မွန်းလွဲ ၁၂း၂၉ နာရီ

BBC Program 276

ပြောပြစရာတွေလဲ တပုံကြီးရှိသေးတယ် အမှတ်(၂ရ၆)
သီချင်းရေးတဲ့ မောင်ကြေးမုံ
မာမာအေး
မေ ၁၀၊ ၂ဝဝ၉

“ - - - - ဆေးစက်ကျရာ အရုပ်ထင်အောင် ရေးနိုင်တဲ့ ပန်းချီဆရာလို သဘောပေါက်တဲ့ ဂီတသမားက ရှားရှားပါးပါးမှာ သူတယောက် ပါလေတော့ - - - ”

သောတရှင်များ ကျန်းမာတော်မူကြပါစရှင်။ မာအေး ချစ်တဲ့ သောတရှင်တွေ ဂီတဝါသနာရှင်တွေ အားလုံး မာအေးရဲ့အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

သောတရှင်တို့ရေ မာအေးလည်း မောင်ကြေးမုံ အကြောင်းကို သံချပ်မင်းသားက စပြီး ကျော်ကြားလာတာ လို့ ပြောမိတော့ သံချပ် ဆိုတာ ဘယ်ကလာ ဆိုတာမျိုး ရှာဖွေလေ တွေ့ရှိလေ လုပ်၊ စာ စာချင်း အမျိုးလိုက်စပ်၊ သံချပ်နဲ့ တူပါတယ် လို့ ခံစားမိနေတဲ့ နောက်ဆုံးပေါ် ဟစ်(ပ)တွေ ပေါ့(ပ)တွေထဲ လိုက်မွှေနှောက်၊ အဲဒီရောက်တော့ ‘နာဂစ်’သံ ပြန်ကြားရတယ်။ ‘ဧရာဝတီရေ အားတင်းထား’ တဲ့။ ဒီတေးနားမှာ ကိုယ်လည်း ရောပါသွားခဲ့တာပေါ့။

မနှစ်ကတော့ ဒီအချိန်မှာ ဘယ်နေရာတွေ ပါကုန်ပြီလဲ၊ ဘယ်သူတွေ ပါသွားသေးလဲ၊ ရင်ထဲမှာ တကယ့် ငရဲမှငရဲ၊ စိတ် အဆင်းရဲကြီး ဆင်းရဲခဲ့ရတာ ‘နာဂစ်မုန်တိုင်း ဒီရေလှိုင်း’ကြောင့်ပဲလေ၊ မွေးရပ်မြေ နဲ့ အလှမ်းဝေးကွာ ပြန်ပြေးလာလို့ကလည်း မရ၊ ဒုက္ခ ဒုက္ခ။ ဘ၀မှာ ကိုယ်ကျွမ်းကျင်တဲ့အရာ နှုတ်မှုတေးသံသာနဲ့ ကူကြပါ၊ လှူကြပါ၊ တကမ္ဘာလုံးရဲ့ ပဋ္ဌာန်းဆက် သံသရာ အမျိုးတွေပါ လို့ ရောက်တဲ့နေရာ ရတဲ့နေရာက အသံထုတ်လွှင့်၊ မီဒီယာတွေမှာ တေးပွင့်သီနိုင်တာလောက်ပဲ ရှိပါတယ်။

xxx ကျန်နေသူ တို့အမျိုး၊ တို့အဆွေ အသက်ရှည် ကျန်းမာဖို့လိုပေ xxx ပေးဝေ လှူဒါန်း ဆွမ်း ဆန် ဆေး ငွေ ပြည့်စုံပါစေ xxx တကမ္ဘာလုံးဟာ အမျိုးတွေ ဗုဒ္ဓဟောပါသလေ၊ ကူညီမယ် မဟုတ်လား မိတ်ဆွေ သူတော်ကောင်းတို့ရေ ပေါင်းစု တက်လှမ်း နိဗ္ဗာန်မြန်းနိုင်အောင် ခေါ်နေ xxx

(အသက်ရှည် ကျန်းမာဖို့ လှူကြစို့-သံပြိုင်ပိုဒ်)

အဖေ့မြို့ကလေး ၀ါးခယ်မ၊ မေမေနဲ့ ကိုယ့်ချက်မြှုပ် မြောင်းမြ၊ ဘာမှ မဖြစ်လောက်ဘူး၊ ကူးလာကြတဲ့ ဒုက္ခဘေးဆိုက်သူတွေကိုတောင် လက်ခံ စောင့်ရှောက်ထားကြတဲ့ သတင်းတွေ ကြားရတော့ တော်သေးတယ်ဟဲ့ လို့ ခဏ ထားပြီး ကိုယ် သာသနာပြု ရောက်နေကျ ဘိုကလေး တဖက်ကမ်း ပေချောင်းကြီးရွာက ကန့်ကော်တထောင် သာသနာမြေကို သွား စိတ်ပူပြန်တာပေါ့ရှက်။ သာသနာပြု ဆရာတော် အရှင်ကေလာသနဲ့ ကိုရင်လေးတွေရဲ့ ရဟန်း မယ်တော်ကိုး။

ဒီသီချင်းလေးနဲ့ BBC မှာ လွှင့်လိုက်တာကို သြစတေးလျ ရောက်နေတဲ့ မိတ်ဆွေများက ကြားလို့ ထင်ပါရဲ့။ ဆရာတော် အသက် ထင်ရှား ရှိပါကြောင်း၊ လူကြုံနဲ့ စကား သတင်းကောင်း ပါးလိုက်ကြပါတယ်။ အပျက်အစီး ကြီးတယ် တဲ့။ တချို့လည်း ရေစီးရာပါတယ်ပေါ့နော်။ မာအေးဖက်က အလှူလေး ဘာလေး ခံပေးလိုက်ပါဦး တဲ့။ ၁၉၆၃ ခုနှစ်တုန်းက US ကို အသံလာပြီးလှူတော့ ဒီဘက်က ကန့်ကော်တထောင် ရုပ်ပွားတွေ လှူလိုက်တာ လမ်းတလမ်းစာ အပြည့် ဆိုတော့ ရုပ်ပွားနဲ့ ပလ္လင် သီးသန့် စီစဉ်ခဲ့ဖူးတာကို သတိရလို့ မှာတာ ဖြစ်လိမ့်မယ်။ ဘာပဲဖြစ်ဖြစ် ကံမကုန်သေးတာ အင်မတန် ၀မ်းသာစရာ အဖြစ်ပါပဲ။ အနီးအပါးက ဝေနေယျတွေ ကံကောင်းတာပေါ့ရှင်။ ဆရာတော်က လူမှုရေးလည်းသိ၊ ကျန်းမာရေးဆိုလည်း ရွာသားတွေအပေါ် ကိုယ်ဖိရင်ဖိ၊ အနားနေကြည့်လို့ သိရတာပါ။ ဒါနဲ့ ကိုယ်ပါ ဆရာတော်ဘုရား သဘောအတိုင်းပေါ့ရှင်၊ ဘိုးဘွားရိပ်သာ လုပ်ရအောင် ဆိုလို့ ကျောင်းဘေးမှာ မြေလေး ဘာလေး ၀ယ်ထားခဲ့သေးတယ်။ ဒီဘက်ရောက်လာတော့လည်း ပြန်ရင် ရွာက ကျန်းမာရေး ကိစ္စ တနိုင်တမ ပြုစုတတ်ရအောင် ဆင့်ပွား ပညာပေးမယ် လို့ ကျောင်းတက် သင်ကြားခဲ့တာက ၂ နှစ်၊ ပြန်မဖြစ်သေးလို့သာ၊ အားတော့ခဲထားတာပဲရှင်။

ဒီဘက် ထွက်မလာခင် သူငယ်ချင်း မောင်ကြေးမုံနဲ့တွေ့ရင် နှစ်ယောက်သား ရှေ့ရေးနောက်ရေး အသိပေးနေကျပါ။ သာသနာပြုရာမှာလည်း ပါတာပါပဲ။ ကန့်ကော်တထောင် တေးစုတွေ မာအေး ဖြန့်ဖို့ လုပ်တော့ ငယ်သူငယ်ချင်းထဲက စန္ဒရား ငွေစိုးလည်း သူ့အဖွဲ့သားတွေနဲ့ အသံသွင်းပေးခဲ့ပါတယ်။ မောင်ကြေးကတော့ ဧရာဝတီတိုင်းသားတွေ အလေးအမြတ် ထားတဲ့ စောင်းတော်ရှင်အကြောင်း ရေးပါတယ်။

xxx စိမ်းမြရောင်စို ကျွန်းညိုကြီးက သမိုင်းဝင် လွမ်းစရာ ဖြစ်စဉ်လေးပေါ့ (လူတိုင်း သိကြသရှင်)၂ ရင်လှိုင်းဆို့စရာ စောင်းတော်ရှင်၊ ကျွန်းပိုင်ကြီးရဲ့ အထ္တုပ္ပတ္တိ စုံစုံလင်၊ ကြားဖူးသူတိုင်း၊ ဖတ်ဖူးသူတိုင်း၊ ရွှေရင်ဆို့မျှ လွမ်းရပါတဲ့ ဦးရှင်ကြီး၊ ရေငံပိုင် စောင်းတော်ရှင်၊ ၇ ရက် သားသမီးကို သနားသဖြင့် ကယ်မ စောင့်ရှောက်စေသားအရှင်xxx (ကျွန်းညိုရှင်)

ဒါဟာ မာအေးတို့ဆီက သဘောကျတတ်တဲ့ နတ်သီချင်း ပုံစံမျိုး ရေးထားတဲ့ တကွက်ပေါ့။ ဆေးစက်ကျရာ အရုပ်ထင်အောင် ရေးနိုင်တဲ့ ပန်းချီဆရာလို သဘောပေါက်တဲ့ ဂီတသမားက ရှားရှားပါးပါးမှာ သူတယောက် ပါလေတော့ ကိစ္စတခု ပေါ်လာတိုင်းမှာ သူရှိနေရင် ရေးဖြစ်ဦးမှာပဲ လို့ သတိရမိနေတော့တယ်။

လွန်ခဲ့တဲ့ တပတ်ကျော်က ကျေးတမာက တဆင့် မာအေး သီချင်းလေး ကြားချင်တယ် ဆိုတဲ့ သမားတော်ကြီးလည်း နှစ်သက်မယ် ထင်တဲ့ မောင်ကြေးမုံရဲ့ တေးလေး တပုဒ်မှာ ရှမ်းဒိုးလေးကို ဂစ်တာဝိုင်းနဲ့ စတိုင်တမျိုး ထုတ်ထားတာ နားဆင်ကြည့်ပါနော်။

xxx တို့မျက်ရည်တွေကို မင်းရှိတဲ့ တောင်စဉ် တောင်တန်းတွေပေါ်မှာ အေးချမ်းတဲ့ မိုးအဖြစ်နဲ့ ဖြိုးလို့ စွေခဲ့မယ်။ ကျေနပ်ပါ သူငယ်ချင်းရယ် xxx သြော် - တို့သွေးချင်းရယ် xxx တို့မေတ္တာတွေကို မင်းချစ်တဲ့ ချယ်ရီပင်လေးတွေပေါ်မှာ မွှေးပျံ့တဲ့ ပန်းအဖြစ်နဲ့ တို့ ပွင့်စေခဲ့မယ်၊ ကျေနပ်ပါ သူငယ်ချင်းရယ်၊ သြော် - အစဉ် အောင်းမေ့ကွယ် xxx တို့သစ္စာတွေကို မင်းချစ်တဲ့ တောင်စဉ် တောင်တန်းပြာတွေလို အဖိုးထိုက်တဲ့ ကျောက်မျက်လို တို့ မြှုပ်နှံခဲ့မယ် ကျေနပ်ပါ သူငယ်ချင်းရယ်၊ xxx သြော် - အစဉ် သတိရတယ် ချယ်ရီတွေ မြင်ရင် အစဉ် သတိရပါကွယ်၊ xxxတောင်ပြာမှာ တို့ရဲ့ အချစ်တွေ အမြဲရှိမယ်၊ xxxတောင်ပေါ်မှာ ရွာစွေတဲ့ မိုးရနံ့တွေမယ်၊ အေးချမ်းတဲ့ တို့ရဲ့ အချစ်တွေ ရှိနေမယ်၊ လွမ်းလဲလွမ်း အောင်းမေ့ရစ်ပါကွယ်၊ xxx မြေပြန့်မှာတို့လဲ သြော် ချစ်လွမ်းရစ်မယ်။xxx (ချစ်လွမ်းတဝေေ၀)

- နားဆင်ရန် သည်နေရာကို နှိပ်ပါ -

http://moemaka.com/index.php?option=com_zoom&Itemid=53&page=view&catid=32&PageNo=4&key=30&hit=1

REF - BBC Burmese Program

Tribute to Masoeyein Sayadaw

“မစိုးရိမ် အလွမ်း”

မာမာအေး

ဧပြီ ၃၀၊ ၂၀၀၉

သာသနာ ကမ္ဘာတည်သရွေ့

ကြာရှည်မမေ့ သတိုးစိန်

ဇာနည်ဓလေ့ မစိုးရိမ် ရယ်

ညှိုးမမှိန် စာတမ်း

သည်အလွမ်း ဘယ်ခါပြေမယ်

စိန္တေဝယ် လျှောက်ကြည့်ချင်စမ်း။

ထေရ်ဘုန်းမြတ် ကောဝိဒါ ငယ်

မောဠိ သာသနာ စောင့်သုံး

ဇောရှိအခါခါ ဖြောင့်ရုန်းရှာရ

ခေါင့်ဖုန်းဖျာ့ ဒေသစာ၊

ဝေဒနာ အသာထား

ညာမဝါး စာသမားပီသတာ၊

ဝေနေယျ သူသူငါကို

ပျူပျူငှာ ဉာဏ်ပေးလို့

ဗုဒ္ဓဆေးတိုက်ကြွေးရှာ

ကိုယ်ကျိုးမပါ၊

ပုံရုပ်လွှာ ပြုံးပျော်ရှာတယ်

ဘုန်းမော်မဟာ သဒ္ဓါတုန်းဖျာ့လေး။

(မစိုးရိမ်ဆရာတော်အမှတ်တရတေးထပ်။ ၂ဝဝ၉ ခုနှစ်၊ ဧပြီလ ၁၆ ရက်၊ သင်္ကြန်အတက်နေ့။ နံနက် ၃းဝဝ နာရီ)

BBC Program 275

ပြောပြစရာတွေလဲ တပုံကြီးရှိသေးတယ် အမှတ်(၂ရ၅)
သံချပ်မင်းသား မောင်ကြေးမုံ
မာမာအေး
မေ ၃၊ ၂ဝဝ၉

“ - - - - ရွတ်ကြ ဆိုကြ ပေါက်ကွဲကြတဲ့ အသံသစ် ဟန်သစ် နရီသစ်တွေထဲက တချို့ဟာ ကိုယ့်ရိုးရာလို အချိုးစပ်ထားတဲ့ ‘သံချပ်’ နဲ့ တူသလိုလို - - - ”

သောတရှင်များ ကျန်းမာတော်မူကြပါစရှင်။ မာအေး ချစ်တဲ့ သောတရှင်တွေ ဂီတဝါသနာရှင်တွေ အားလုံး မာအေးရဲ့အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

သောတရှင်တို့ရေ အရင်တပတ်က ဂီတစာဆို မောင်ကြေးမုံ ဆိုတဲ့ နာမည်နဲ့ ဂီတလောကထဲမှာ ကျွမ်းကျွမ်း ကျင်ကျင် ရင်းရင်း ခြာခြာ နေရာတိုင်း ပါဖြစ်အောင် ကြိုးစား အားထုတ်သွားတဲ့ သူငယ်ချင်း တယောက် အကြောင်းကို ပြောပြချင်တာနဲ့ သူ့ရဲ့ အသံလေးကိုပါ တစွန်းတစ ပြထားခဲ့ပါတယ်။

မာအေးနဲ့ ကြေးမုံ ဆုံဖြစ်ခဲ့ရတာကတော့ မာအေးတို့ရဲ့ ပညာသင်ကျောင်းချင်း ဆရာချင်း ရင်းနှီးတာကြောင့်ပါ။ သူက တာမွေ ‘စိန်ရွှေ’ အလွတ် ပညာသင်ကျောင်းသား၊ မာအေးက ဆရာကြီး ဦးကျော်တင့်ရဲ့ ကေတီ အလွတ်ပညာသင်ကျောင်းက သတ္တမတန်းသူပါ။ စိန်ရွှေ နဲ့ ကေတီ ကျောင်းက ပညာရေးကိစ္စ၊ နိုင်ငံရေးကိစ္စ၊ အဆက်အသွယ် လုပ်ကြတဲ့အခါ စာပို့ စာသယ် ခင်မောင်သွယ်ဟာ မောင်ကြေးမုံပဲ။ ဒီလိုနဲ့ရင်း သူငယ်ချင်းတွေ ဖြစ်လာပါတယ်ရှင်။ ဒါပေမဲ့ ရပ်ကွက်ကြီးက ၁၉၅၈ ခုနှစ် မတ်လ ၁၈ ရက်နေ့မှာ တောင်ဥက္ကလာကို အပြီး ရွှေ့ကြရတော့ မေ့မေ့လျော့လျော့ မတွေ့ကြတော့ပါဘူး။

၁၉၆၈ က ၇၀ အတွင်း မြန်မာနိုင်ငံ ခေတ်ပေါ် တေးဂီတ ကောင်စီ အလုပ်အမှုဆောင် ရွေးပွဲကျမှ ဂီတ အသိုင်းအ၀န်းထဲ သူရောက်နေမှန်း သိရတော့တယ်။ သူက သီချင်းရေးတဲ့ ကဗျာဆရာ မောင်ကြေးမုံ နာမည်သစ် ယူထားပါပြီ။ သံချပ်မင်းသားလို့လည်း ကျော်ပါတယ်။

‘သံချပ်မင်းသား’ ဆိုတာ သံချပ် အတိုင်ကောင်းတဲ့သူကို ခေါ်ကြတာပေါ့။ ‘သံချပ်’ လို့ ပြောလိုက်တာနဲ့ တုံချမ်းချမ်း၊ တုံချမ်းချမ်း ဆိုတဲ့ နရီ လိုက်သံကို နားထဲ ကြားယောင်ကြလိမ့်မယ်။ မသိစိတ်မှာ သင်္ကြန်ရုပ်ပုံလွှာတွေ တလိပ်လိပ် မြင်မယ်။ သံချပ်ထိုးတာတွေလည်း ပြေးသတိရမှာပေါ့နော်။

သောကကင်းကြ အေးမြစေ - သီတာရေစင် ကြည်လင်အေးမြ

ဝိသမလောဘ ချုပ်ငြိမ်းစေ - သင်္ကြန်ရေနဲ့ ရွှဲအောင် လောင်းစို့

ဒုက္ခကင်းဝေး ငြိမ်းအေးစေ - သင်္ကြန်ရေနဲ့ ရွှဲအောင် လောင်းစို့

နအဖ ငရဲမှ လွတ်မြောက်စေ - သင်္ကြန်ရေနဲ့ ရွှဲအောင် လောင်းစို့

ကြီးနိုင်ငယ်ညှင်း ပပျောက်စေ -

နိုင်ထက်စီးနင်း ပပျောက်စေ

ရိုးရာအတာပွဲ အချိန်ကျလာ - ကျုပ်တို့ပြောမှာ ဘယ်သူမှ မတားနဲ့

(မင်္ဂလာဒိုး သံချပ်မှ)

ဂျပန်နိုင်ငံ မင်္ဂလာဒိုး အဖွဲ့က ရွတ်ထားတဲ့ သံချပ် အပိုင်းအစလေးပါရှင်။ ‘သံချပ်’ ဆိုတာ သံပေါက်နဲ့ တူတဲ့ ကဗျာတမျိုး လို့ မြန်မာ့ အနု သုခုမ အဘိဓာန်မှာ ဖော်ပြထားပါတယ်။ ရှေးအခါကတော့ စာပေ လင်္ကာ ကဗျာ သီချင်း ဂီတ အစပ်အဖွဲ့အနွဲ့ အားလုံးကို စုရုံးပြီး ‘ကဗျာ’ လို့ ခေါ်ခဲ့ကြတာကိုး ရှင့်။ လင်္ကာအမျိုးဝင် ၁၄ မျိုး ရှိပါတယ်။ သီချင်းအမျိုးဝင်က ၂၂ မျိုး ရှိပါတယ် လို့ ခွဲထားပါတယ်။ အဲဒီနှစ်မျိုးထဲမှာ ‘သံချပ်’ ဆိုတာ မပါပါဘူး။ ‘သံပေါက်’ ကိုတော့ လင်္ကာအမျိုးထဲမှာ တွေ့ရပါတယ်။ ဒီတော့ သုခုမအဘိဓာန် အာဘော်လိုက်ပြီး ‘သံချပ်’ ကို လင်္ကာအမျိုးထဲ သွင်းပြီး ဆွေမျိုး စပ်ကြတာပေါ့နော။

စာပေ ကဗျာ အရာမှာ ပေါ်ထင်တဲ့ ဆရာ ဦးသော်ဇင်ကတော့ ‘ကာရံနဲ့ ဖွဲ့ဆို ဖတ်ရှုရတဲ့ စာပေကို ကဗျာ၊ စည်းဝါးနဲ့ သီကျူးရတဲ့ စာပေကို ဂီတ လို့ ခေါ်ဆိုသိရှိကြကြောင်း’ ‘လောကဂီတ’ ဆိုတဲ့ စာအုပ်များ ရေးသား ခဲ့ပါတယ်ရှင်။ ‘သံချပ်’ ရယ်လို့ သီးသန့် ခေါင်းစီးနဲ့ မတွေ့ရတာဟာ အိုးစည်ဝိုင်း၊ ဒိုးပတ်ဝိုင်းတွေက သက်ဆိုင်ရာ အချင်းတွေရဲ့ကြားမှာ အတိုင်အဖောက် ဆိုကြ တီးကြ ခုတဲ့ ညှပ်တဲ့ ကဗျာ ဖြစ်နေလို့ သတ်သတ် မတွက်တာများလား စဉ်းစားစရာ ဖြစ်နေတယ်။ နောက်စရာ ပြောင်စရာ၊ သရော်မှု၊ ဝေဖန်မှု ပြုပြင်စရာတွေ မြင်တဲ့အခါ မြူးမြူးကြွကြွ အော်ဟစ် ဖော်ထုတ် အဖွင့်အပိတ်တွေ လုပ်ပြီး ရွတ်ဆိုကြတာ များပါတယ်။ စည်းဝါး နရီကိုက် ရွတ်ဖတ် အတိုင်အဖောက် လုပ်မှလည်း လှပတဲ့ နားအရသာ ရနိုင်တာမျိုးမို့ ဂီတထဲလည်း သွင်းနိုင်တယ် လို့ ငြင်းချင်တင်တင်ပါပဲ။

ဒီကနေ့ ဂီတလောကမှာ နိုင်ငံတကာက အသစ်အသစ် ဆိုတာတွေ မျောလာနေဆဲ ကောက်သုံးမြဲပါ။ နောက်ဆုံးလောက် ရောက်တဲ့ ရွတ်ကြ ဆိုကြ ပေါက်ကွဲကြတဲ့ အသံသစ် ဟန်သစ် နရီသစ်တွေထဲက တချို့ဟာ ကိုယ့်ရိုးရာလို အချိုးစပ်ထားတဲ့ ‘သံချပ်’ နဲ့ တူသလိုလို ခံစားမိနေသခိုက်မှာ ကိုယ့်နိုင်ငံကို သွားလည်ပြီး ပြန်လာတဲ့ ချစ်ညီမ တယောက်က စီဒီတချပ် ပို့လိုက်ပါတယ်။ နိုင်မြန်မာ ဆိုတဲ့ မာအေးရဲ့ ဂီတမောင်ငယ်လေး ရေးတဲ့ သီချင်းမှာ မာအေး ခု ပြောနေတဲ့ ပုံစံမျိုး ရောပါနေတာ ကြားရမယ်။ ဆိုကြတဲ့ ဂီတမျိုးဆက် ခေတ်လူငယ် ဂီတသမား တေးသံရှင်တွေကတော့ “မိုးယံဇွန်၊ ဗျူဟာ နဲ့ သဇင်” တဲ့။ သီချင်းနာမည်က “ဧရာဝတီရေ အားတင်းထား” ဆိုပါလား။ နာဂစ်ဒဏ် ခံခဲ့ရတာ တနှစ်လည် အမှတ်တရ နားထောင် ဆုတောင်း အားပေးကြရအောင်လား ချစ်မိတ်ဆွေများရှင်။

လဲကျသွားရင် ပြန်ထပြီး ဆက်လျှောက်မယ်။ ဒုက္ခမိုးတွေ ရေတွေရယ် xx အကောင်းဆုံး လုပ်နိုင်တာတွေ တို့လုပ်ကြမယ်၊ တနေ့တော့ ပြုံးလာနိုင်မှာပဲ xx

(ဧရာဝတီရေ အားတင်းထား မှ ဒုတိယပိုဒ်)

xx အို - - ဧရာဝတီရေ အရှုံးမပေးနဲ့

ဧရာဝတီရေ ဒူးမထောက်နဲ့

ဧရာဝတီရေ စိတ်ဓာတ်မကျပါနဲ့

ငိုသံများကြားက လူသားတို့ရဲ့ အားမာန် ပြန်ထူထောင်၍ ရှေ့က စတင်မယ် xx xx

လဲကျရင် ပြန်ထ၊ လဲကျရင် ပြန်ထ၊ လောကဓံက ရက်စက်တဲ့ စိန်ခေါ်မှုတွေနဲ့ ရန်စ

xx xx လဲကျရင် ပြန်ထ၊ လဲကျရင် ပြန်ထ၊ ကျန်သေးတဲ့ ဘ၀ အစိတ်အပိုင်းတွေကို တစ်က ပြန်စ၊ ပြန်လည်ထူထောင်မယ်၊ xx ငါတို့ရဲ့ လက်တွေ ခြေတွေနဲ့ xx ဘ၀ကို တစ်ကစ xx အမှတ်တွေ ရေနေခဲ့ xx ဒုက္ခတွေ များစွာကို နင်မွှေနေခဲ့ xx မုန်တိုင်းနဲ့ လှိုင်းအောက်မှာ အသက်တွေ မသေစေနဲ့ xx ရှင်သန်ခြင်းတွေနဲ့ ငါတို့ရဲ့ မနက်ဖြန်တွေ

မျှော်လင့်ခြင်းတွေနဲ့ ငါတို့ရဲ့ မနက်ဖြန်တွေ

ပျော်ရွှင်ခြင်းတွေနဲ့ ငါတို့ရဲ့ မနက်ဖြန်တွေ

ဖြစ်ကြရမယ်ဟေ့ - တစ်က စမယ် xx

[ မူရင်း - ဘီဘီစီ၊ မြန်မာဌာန ]

ဒီနေရာမှာ နားဆင်ပါ -

http://moemaka.com/index.php?option=com_zoom&Itemid=53&page=view&catid=32&PageNo=4&key=29&hit=1


Tuesday, April 28, 2009

Mar Mar Aye Foundation opening ceremony - 13th December 2008


Mar Mar Aye Foundation opening ceremony with

Burmese Children playing Traditional Classics in Piano

April 28th, 2009

Mar Mar Aye - 274 BBC Series

ပြောပြစရာတွေလဲ တပုံကြီးရှိသေးတယ် အမှတ်(၂ရ၄)
မာမာအေး
ဧပြီ ၂၆၊ ၂ဝဝ၉
" - - - ပြီးစီးသွားပြန်ပြီပေါ့။ ပိတောက် ဝေလို့ ဝေမှန်း မသိ၊ ပိတောက်ကြွေလို့ ကြွေမှန်း မသိရတဲ့
မာအေးတို့ အမေရိကန် ရွာကလေးမှာတော့
နှစ်တိုင်း နှစ်စဉ် သင်္ကြန်ဆိုရင် လူငယ်လူကြီး တီးကြဟာ၊ ကကြဟာနဲ့ လုပြီးတော့တောင် ပျော်ခဲ့ကြတာပါ - - - "

သောတရှင်များ ကျန်းမာတော်မူကြပါစရှင်။ မာအေး ချစ်တဲ့ သောတရှင်တွေ ဂီတဝါသနာရှင်တွေ အားလုံး မာအေးရဲ့အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

သောတရှင်တို့ရေ - သင်္ကြန် အခါကြီးရက်ကြီးကတော့ ပြီးစီးသွားပြန်ပြီပေါ့။ ပိတောက် ဝေလို့ ဝေမှန်း မသိ၊ ပိတောက်ကြွေလို့ ကြွေမှန်း မသိရတဲ့ မာအေးတို့ အမေရိကန် ရွာကလေးမှာတော့ နှစ်တိုင်း နှစ်စဉ် သင်္ကြန်ဆိုရင် လူငယ်လူကြီး တီးကြဟာ၊ ကကြဟာနဲ့ လုပြီးတော့တောင် ပျော်ခဲ့ကြတာပါ။ ဒီနှစ်တော့ ဘာရယ်မသိပါဘူး၊ သင်္ကြန်သံတိတ် သီးလေးသီးနဲ့ ကွင်းပိတ်ထားပုံပါပဲ။

အချိန်တွေကလည်း စကားပြောဦးမှာကိုး ရှင့်။ မာအေးတို့ မပြောနဲ့၊ နောက်ဆုံးခေတ် နှစ် ၂၀ ကို တော်အထပ်ထပ် တောင်အထပ်ထပ် အကျဉ်းအကြပ် နှောင်ကြိုးရုန်းဖြတ် ထွက်လာလတ်တဲ့ ‘မောင်အိုးဝေလေးတွေ’ အသက်ဟာလည်း နည်းမှ မနည်းတော့ပဲ။ သားတွဲလွဲ သမီးတွဲလွဲ မြဆည်းလည်းလေးတွေ လက်ကဆွဲလို့ အမိအဖတွေ ရောက်လာကြလို့ တချို့ဆိုလည်း ဘုန်းဘုရားတို့ ကျောင်းဆီ ပို့၊ ကုသိုလ်ဆက်ကြဖို့ ခဲကြရပြီလေ။

ကိုယ့်မြေ ကိုယ့်ရေ အနေဝေးပေမယ့် ကိုယ့်ရိုးရာ အမွေလေးတော့ ဆက်ပေးခဲ့ကြရမှာမို့လား။ ဘုရားသာသနာ နဲ့ မြန်မာ့ယဉ်ကျေးမှု ဒီဘက်မှာရှိတဲ့ ကလေး သား မြေးတစုမှာ ဖြစ်တည်ရစ်လေအောင် ဇေတ၀န်ကျောင်းတော်က သင်္ကြန်ရက်ထဲ ‘အသံမစဲ မဟာပဋ္ဌာန်းရွတ်ပွဲ’ ကျင်းပပေးပါတယ်။ ဓမ္မရက္ခိတ ကျောင်းတော်က ကျောင်းမှာလာပြီး မြန်မာစာနဲ့ ယဉ်ကျေးမှု သင်တန်း တက်ကြတဲ့ ကလေးတွေနဲ့ ဆရာ ဆရာမ ကုသိုလ်ယူကြတဲ့ သူတွေကို ဆုလက်ဆောင်တွေ ချီးမြှင့်တယ်။ တဆက်တည်းမှာ ‘သက်ကြီးပူဇော်ပွဲ’ တတွဲတည်း ကျင်းပပေးပါတယ်။ လူမျိုးမရွေး ဘာသာမရွေး အသက်အရွယ်လိုက်ပြီး ကန်တော့ကြတဲ့ပွဲမို့ အဘိုး အဘွားက ရောင်စုံ၊ ကိုယ်လည်း ကြုံပြီပေါ့ရှင်။ ပုဝါတင်၊ တိုက်ပုံဝတ်နဲ့ သင်တိုင်းဝတ် နဲ့ မုတ်ဆိတ်ရှည်ကြီးတွေနဲ့ ကန်တော့ခံကြတော့ အမြင်ဆန်းဆန်း အင်းအန်းအန်းလိုပဲ။

ဗုဒ္ဓသိမ်တော်ထဲ ပီတိဖြစ်စရာ အတွဲအတွဲတွေလည်း ကန်တော့လာတော့ သာဓု သာဓု ဆုတွေပေးရ ‘အိမ်သတိရ’ ပေါ့။ ပြန်တော့မယ့်ဆဲဆဲ အပြင်ကို ကဲ ကြည့်လိုက်တော့ ကိုယ်က တေးသမား မဟုတ်လား၊ ‘မိုးကလေး တဖွဲဖွဲ ရွာတော့ ပျိုမေ၀ယ် သတိရတယ်’ ဆိုတဲ့ အမကြီး မာမာဝေကို သတိရသွားတယ်။ သူ ‘မာမာဝေ’ မိုး ကောင်းခဲ့လို့ မာအေးဆရာ ကိုသန်းအောင်က ‘မာမာ’ ဆိုတာ ယူပြီး ‘မာမာအေး’ လို့ နာမည်သစ် မှည့်ပေးခဲ့တာလေ။ အမကြီး မာမာဝေကိုလည်း သူ့ဆရာ တက္ကသိုလ်စိုးက နာမည်ပေးခဲ့တာ ဖြစ်မှာပါ။ ဆရာ တက္ကသိုလ်စိုးကိုရော အမကြီးကိုရော အသံလွှင့်ရုံမှာ တာဝန်ထမ်းတော့မှ တွေ့ခဲ့ သိခဲ့ရပါတယ်။ အမကြီးကတော့ အဆိုတော်ကြီး မေလှမြိုင် ဆီကို မကြာခဏ လာတွေ့တာနဲ့ သိခဲ့ရတာပါ။ သူတို့တွေကို အချင်းချင်းမို့ ပိုပြီး မမေ့တာ တရားပါတယ်နော်။

အဲဒီနေ့ကတော့ ဒီမှာလည်း မာအေးတို့ဆီ သင်္ကြန်ပြီးစ မြင်နေကျ ရာသီဥတုမျိုး ဖြစ်နေပါတယ်။ ကောင်ကင်ညို့ညို့ မှိုင်းမို့မို့လေးလေ။ ဒီတော့ ကိုယ့်အခြေအနေကို ကြည့်၊ ဆိုမိခဲ့တဲ့ တေးကဗျာ အသိက ပြေးလာထိရှစေပါရော - - ။

xxx ပညာရှာမီးတဲ့ အရွယ်ကတဖြာ xxx ကြင်ယာတွေ ရှာနေကြတဲ့ ဒုတိယအရွယ်က တဖြာ xxx သံသရာအရှုပ်ကို ကြောက်လို့ ခန္ဓာအပုပ်ကို ဖျောက်ဖို့ ဘာဝနာ သီလမြဲ ကုသိုလ်ပွဲကို နွှဲဖို့ခဲတဲ့ တတိယအရွယ်ကတဖြာ xxx ဖြတ်သန်းလာရ ကိုယ့်ဘ၀ခုခါ၊ ကိုယ့်ဘ၀ ခုအခါမှာ၊ အနုတရာ အလှတရာ ပွှင့်လွှာတွေ တဖွေးဖွေးကြွေလို့ ရိုးတန်ပြိုင်းပြိုင်း ကိုင်းခြောက် အထီးကျန်ဇရာ xxx ဘ၀က ပေးလာတဲ့ အတွေ့အကြုံတွေ၊ သြော် ရင်မှာပိုက်ပါလို့ တစိုက်စိုက် စမ်းကာ လှမ်းကာ လောက၀င်္ကပါ ဇရာတောမှာ အမောဖြေနေသော ငါ xxx

(တတိယအရွယ်ရဲ့ ဒုတိယဝေဒနာ မှ)

ကြားလိုက်ရဲ့မဟုတ်လား တေးချစ်သူတွေ ‘တတိယအရွယ်ရဲ့ ဒုတိယဝေဒနာ’ ဆိုတဲ့ သီချင်းထဲကလေ။ မောင်ကြေးမုံ လို့ ကျော်တဲ့ ချစ်သူငယ်ချင်း ရင်တွင်းသိက ရေးချပေးသွားတဲ့ စာကလေးပါရှင်။ ဟိုး စဆိုခဲ့စဉ်တုန်းကတော့ အရွယ်ကောင်းကိုး။ စိတ်ကူးရိုး စိတ်ကူးစဉ် အဓိပ္ပာယ်မြင်လာအောင်လို့သာ ဆိုခွင်လှလှ ရွေးဆိုချလိုက်တာပါ။ မကျည်းတန် အပျိုရံ ဆိုတာရော - ရင်ဖွင့်တာရော နှစ်ခွေလုံး သူငယ်ချင်း ကိုကြေး ရေးခဲ့တာပါ။ အသံသွင်းကြတာ ဘီတီဘုရားသား မျိုးနွယ်ဝင် ဦးဘသိန်းအိမ်၊ အဲ - - ဦးဘသိန်း စတူဒီယိုမှာပါရှင်။ တေးလက်ရာရှင် ထုတ်လုပ်သူပိုင်ရှင် တီးခတ်တဲ့ တူရိယာပညာရှင်တချို့ ပျောက်လို့သွားကြပြီ။ ပို့ဖို့တောင် ဝေးခေါင်သီမြင့် အခွင့်မသင့်လေဘူး။ စိတ်ကူးတာရော ပြန်တာရော တန်ခူးလေနဲ့မျှောလို့ သံချပ်တိုင်မှ ဇောကျမှာပါ။

‘သံချပ်’ လို့ ပြောမိတော့ ‘မိသွယ်’အကြောင်း ဆက်ပြောဦးမှပဲ ရှင့်။ ‘မိသွယ်’ ဆိုတာ ‘ခင်မောင်သွယ်’က ဆင်းသက်တာပါ။ အဲဒါ မောင်ကြေးမုံ လိုင်းစုံမတက်ခင် ဇာတာခွင်မှာ မိခင် ဖခင်က တင်ခဲ့တဲ့ နာမည်ရင်းပါပဲ။ ကိုယ်ကအစ ဘယ်သူမှလည်း မခေါ်ကြပါဘူး။ မျက်လုံးပြူးပြူး အသားညိုညို အရပ်က တိုတို မသိသေးတဲ့သူဆို ကုလားလေးလို့ ထင်နေမှာ။ ဗမာမှ ဗမာအစစ်ပါပဲ။ မျက်လုံးရွဲရွဲကြီး ထောင့်ကပ်၊ မျက်တောင်တဖျပ်ဖျတ်နဲ့ မူပြတတ်လွန်း ပြောင်လွန်းလို့ ‘မိသွယ်’ လို့ ဖုန်းကညာ တပါးလိုလို နှောက်ထားရပါတယ်။ သင်္ကြန်စင်တွေမှာ သံချပ်မင်းသား၊ သင်္ကြန်မင်းသား အဖြစ်နဲ့ နေရာတိုင်း ပရိသတ်တိုင်းက ပြောလာကြတာ ထောပနာကြတာ မောင်ကြေးမုံပါ။ သူပါတဲ့ သင်္ကြန်အဖွဲ့ဆို မဏ္ဍပ်မှာ ကြိုပြီး စောင့်နားထောင်တဲ့သူတွေ တထောကြီးပေါ့ရှင်။

ဒီနေ့တော့ တခြားပြောစရာတွေ မပြောသေးခင် မာအေးတို့ သူငယ်ချင်း နှစ်ယောက် ရှေးက ဆိုပုံမျိုး အတိုင်အဖောက် ဆိုခဲ့တာ နားထောင်ထားနှင့်ပါလား နော်။ ။

[ မူရင်း - ဘီဘီစီ၊ မြန်မာဌာန ]

http://moemaka.com/index.php?option=com_zoom&Itemid=53&page=view&catid=32&PageNo=4&key=28&hit=1

Tuesday, April 21, 2009

Mar Mar Aye - 273 BBC Series

ပြောပြစရာတွေလဲ တပုံကြီးရှိသေးတယ် အမှတ်(၂၇၃)
နှစ်ဦး ဆုတောင်း
မာမာအေး
ဧပြီ ၁၉၊ ၂ဝဝ၉
“ - - - မွေးရပ်ဌာနေ အမိမြေမှာ ပိတောက်ဝါရွှေ ထိန်ထိန် ဝေပါရဲ့လား။ သင်္ကြန်လက်ဆေး မိုးကလေးရော အပြေး လာသလား၊ အေးပါသလား - - -”

သောတရှင်များ ကျန်းမာတော်မူကြပါစရှင်။ မာအေး ချစ်တဲ့ သောတရှင်တွေ ဂီတဝါသနာရှင်တွေ အားလုံး မာအေးရဲ့အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

သောတရှင်တို့ရေ - မင်္ဂလာနှစ်ဦး အတာကြူးတဲ့ မဟာသင်္ကြန် တန်ခူးရေပွဲနဲ့ လွဲရတာ ကြာပြီရှင်။ မွေးရပ်ဌာနေ အမိမြေမှာ ပိတောက်ဝါရွှေ ထိန်ထိန် ဝေပါရဲ့လား။ သင်္ကြန်လက်ဆေး မိုးကလေးရော အပြေး လာသလား၊ အေးပါသလား၊ ကားအလှသင်္ကြန် သံချပ်သံတို့ အလျှံအပယ် တွယ်မှတွယ်ပဲလား၊ ဝိုးတိုးဝါးတား သင်္ကြန်ရိပ်က အတိတ်လှလှတွေကို ရေမြေလေ ရှိနေသမျှ သတိတွေ ရနေမှာပါပဲလေ။

xxx ထက်ကောင်းကင် မိုးဖျားက သွန်းလာ၊ ရွာမယ့် ရွှေမိုးကို စောင့်ကာ ပိတောက်မြိုင် သင်းပျံ့လှိုင်လို့သာ စုံထူး ငုံဖူးလွှာ xxx ပယင်းရောင် ဝင်းဝါပြောင်လို့သာ ရွှေမိုးကို ကိုးကာနေရှာ xxx ထက်ကောင်းကင် မိုးဖျားက သွန်းလာ ရွာမယ့် ရွှေမိုးကို စောင့်ကာ ပွင့်ဖူးလွှာ မိုးကို မျှော်ကိုးကာ စောင့်စားနေရရှာ xxx (ရွှေဝါဖူးမှ)

တပေါင်းလေနှောတဲ့ တန်ခူးနွေဟာ အနေခက်အောင် အိုက်လှောင်တာကိုး၊ သင်္ကြန် လက်ဆေးမိုးကလေးမှ မရွာရင် စွေ့စွေ့ခုန် ပူကုန်မှာမို့ မျှော်မိတာက တဖက်၊ ပိတောက် ရွှေခက် သင်္ကြန်ရက်မှာ ဘုရားတက် ကပ်လှူချင်တာ၊ ကေသာမှာ ဝေဆာဆာ မက်မက်စက်စက် ပန်ချင်တာက တဖက်နဲ့ စိတ်လိုလက်ရ မမရှင်ရဲ့ ရွှေဝါဖူးလေး တပိုင်းတစ ညည်းခဲ့ရတာ တခါ နှစ်ခါ ဘယ် က မှာတဲ့တုန်း။

သူလည်းပျော် ကိုယ်လည်းပြုံး ရေတဝုန်းဝုန်းနဲ့ ငယ်တုန်းကာလ သင်္ကြန်ရူးကြတာ ကလေးတိုင်းပဲဟာ ကိုယ်တိုင်လည်း ပါတာပေါ့။ မာအေးတို့ မိသားစု အခြေချခဲ့တဲ့ ဦးဝိစာရ လမ်းပေါ်က ကျူးကျော်ရပ်ကွက်ကြီးကို ကပ္ပလီကွက်သစ် လို့ ခေါ်ပါတယ်။ ဟိုနယ် သည်နယ်တွေက အခြေအနေ မလှလို့ တစတစ မြို့ပေါ် တက်လာနေတဲ့သူတွေ နေကြပါတယ်။ ခုတော့ ဗိုလ်ချုပ်တို့ တော်လှန်ရေးခရီး စခဲ့တဲ့ သမိုင်းဝင် နေရာမို့ ‘တော်လှန်ရေးပန်းခြံကြီး’ လုပ်ထားလိုက်ပါပြီ။

အဲဒီမှာ နေတဲ့ လမ်းသွယ်လေးက စိန်ပန်းပင်တွေ တန်းနေလို့ “စိန်ပန်းပင်လမ်း”လို့ ခေါ်လိုက်ကြတာပဲ။ တကယ့် နာမည်က ‘တပင်ရွှေထီးလမ်း’ပါ။ လမ်းထိပ်မှာ သင်္ကြန်နီးမှ ပွင့်တဲ့ ကန်တော်မင်ပန်းခြံတဝိုက်က ငုဝါ၊ ပျဉ်းမ၊ စိန်ပန်းတို့နဲ့အပြိုင် ပိတောက်ပန်း အရင် ဝါဝါရည်ရွှင် အရောင်ပြောင်းဆင်တတ်တဲ့ ဧရာမ ကုက္ကိုပင်ကြီး တပင် ရှိခဲ့တယ်။ တခါမှ အရွက် မကြွေဘူး။ သူ့အမြစ်ကြီးတွေ ခုံးထနေတာက မာအေးတို့ ချွေးသိပ်ဖို့ ထိုင်စရာ ကလေးဘုံရိပ်သာပါပဲ။ အရိပ်ကောင်းတော့ သင်္ကြန်မဏ္ဍပ်ထိုးဖို့ မလိုဘူးပေါ့။ ရေရှားတာကတော့ အညာလိုပဲမို့ မျက်နှာချင်းဆိုင်က သူဌေးခြံတွေမှာ ရေလောင်း၊ ထမ်းပိုးနဲ့ ထမ်းသူက ထမ်း၊ လောင်းထောင့်သံပုံးနဲ့ ရွက်သူက ရွက်၊ တဝက်ပြတ် သံစည်ပိုင်းတွေနဲ့ ရေ ကြိုစုထားပြီးမှ ရေ ပက်ကြရပါတယ်။ ဗဟန်းဘက်ကတော့ ပို စည်ကားပါတယ်။ ကန်တော်ကြီးလည်း ရှိတော့ ရေပေါတာကိုး။

ဦးဝိစာရလမ်းမှာ မြင်းလှည်းလိုင်းရှိတော့ သင်္ကြန်ဆို အမိုးဖွင့် ပြေးဆွဲပေးတာ ပျော်စရာကြီး။ ရေလိုက်ပက်တဲ့ ကလေးတွေ နောက်မှာ တသီကြီး။ မြင်းနဲ့ ပြိုင်ပြေး၊ နောက်ကနေ ဆွဲထား၊ တဟားဟားနဲ့ပေါ့။ မြင်းလှည်းဘေးက ကပ်လိုက်ရင်းနဲ့ ‘ဟို အပျိုကို လိုချင်လွန်းလို့ ဖမ်းလို့ ပေးပါ၊ ဆီးလို့ ပေးပါ’ ယောင်္ကျားလေးတွေ အဲဒီလို ဆိုကြတာပဲ။

အဲဒီတုန်းက အမကြီးတွေ ဆံပင်အလှဖီးရင် အမောက်ဖောင်းဖောင်း တင်ကြပါတယ်။ ဆံပင်ကို အလယ်က ခွဲပြီး ဘေးကနေ ပြန် လိပ်တင်တဲ့ ပုံမျိုးပေါ့ရှင်။ ဒါမျိုး တွေ့ရင်လည်း ‘အမောက်ကြီးကို လိပ်ကြီးမှတ်လို့ ခွေးတွေဟောင်၊ အနားကျမှ လူမှန်းသိလို့ ဘေးကို ရှောင်’ ဆိုပြီး လှောင်ကြ အော်ကြတယ်။ ပြီးတော့ ‘အပျိုပိန်ပိန် ရေမစိမ်နဲ့ အီကြာကွေး၊ အီကြာကွေး’ တဲ့။ ‘ဟို အဒေါ်ကြီး ဆောင့်ကြောင့်ထိုင် မော်လမြိုင်က နှင်းဆီပွင့်ကြီး’ တဲ့။

လှည်းပေါ်က ပြန်အော်ကြရင်လည်း ရိုးရိုးပါပဲ။ ‘ခွက်စုတ်လေးနဲ့ ပက်တာလောက်တော့ ရယ်တာပေါ့၊ ရယ်တာပေါ့’ နောက် ‘ဟိုကောင်ကလေး ညိုတိုတို၊ တို့ကို ကြိုက်လို့ ငို၊ နင်ငိုပေမယ့် အလကား ဟဲ့နွား၊ ဟဲ့နွား’ တဲ့။ သင်္ကြန်သီချင်း သင်္ကြန်သံချပ်တွေ သိပ် မပေါ်ထင်သေးတဲ့ ကာလပါ။ ပြည်သူပိုင် မသိမ်းခင်ကတော့ ကုမ္ပဏီ ကြော်ငြာ အလှကားတွေ ရှိတာပေါ့။ V စီးကရက်၊ ကြောင်နက်၊ ဂိုးဖလိပ် အလှကားတွေနဲ့လည်း သင်္ကြန်မှာ လှည့်ဆိုခဲ့ဖူးပါတယ်။ သင်္ကြန်သီချင်း သီးသန့် မရှိပါဘူး။ စီးကရက် ကြော်ငြာပဲ ဆိုရတာပါ။

ရောင်းတန်း ဓာတ်ပြား တခေတ်လုံး ‘သင်္ကြန်ကြိုချိန်’ ဆိုတဲ့ ‘တက္ကသိုလ်မျိုးချစ်’ ဓာတ်ပြား တချပ်ပဲ ကြားဖူးပါတယ်။ ‘မန်းတောင်ရိပ်ခို နဲ့ ရက်မြတ်သင်္ကြန်’ တောင်မှ ကိုအံ့ကြီးတို့ ဘီတီ ဘုရားသား ကော်ဖီ ကြော်ငြာရင်း ဆိုလို့ လူသိတာပါ။ တက္ကသိုလ်စိုး ရေးတဲ့ ‘သင်္ကြန်မောင်မယ်’ သီချင်းကို ကိုစိုးအောင်နဲ့ ရီရီဝေတို့ အသံလွှင့်ခဲ့တာ သတိရတုန်း ညည်းထားဦးမယ်၊ ရန်ကုန်သင်္ကြန် သရုပ်၊ ပြယုပ်လေးတခု သိအောင်ပါ။

ကျား - အသားလေးနီနီ ပါးလေးနီနီ ပိတောက်ပန်းလေး မြန်းလို့ ဆင်တော့ ယဉ်လှသူရေ xxx

မ - တကယ်ကြမ်းကြမ်း မရမ်းကားပါနဲ့ ရေကစားရင်လေ xxx

ကျား - ခင်နဲ့ မောင် သင်္ကြန်တော်တွင်းမှာ သည်ရေမွှေးကို ဖျန်းပက်ပါရစေ xxx

မ - ဖျန်းပက်တော့ ပျို့မောင်ရေ၊ တကယ်မွှေးပါသလေ xxx (သင်္ကြန်မောင်မယ်)

ချစ်ဆွေတို့ မာအေးက ဒီနှစ် သင်္ကြန်မှာ သီလခံထားပါတယ်။ နှစ်သစ်အပြောင်းမှာ “မင်္ဂလာအပေါင်းနဲ့ ပြည့်စုံတော်မူကြပါစေ” လို့ ဆုတောင်းလိုက်ပါတယ် သောတရှင်တို့ရယ်။

‘မဂ်ံပါပံ လုနာတိ ဆိန္ဒတီထိ မင်္ဂလာ’ တဲ့။ မကောင်းမှု ဟူသမျှကို ပယ်ဖြတ်နိုင်တဲ့ သတ္တိ ရှိတာဟာ ‘မင်္ဂလာ’ ဆိုလို့ မကောင်းတာတွေနဲ့ ဝေးအောင် ဆုတောင်းပေးတာပါနော်။ လက်ျာတောင်ကျွန်း နိမိတ်ထွန်းတဲ့ပြည်မို့ - - မင်္ဂလာစကား ပွားများ လက်ဆင့်ကမ်းကြ၊ မင်္ဂလာယူတော်မူနိုင်ကြပါစေရှင်။

*မင်္ဂလာစကားတွေ

*ဆင့်ဆင့်ပွားလေ

*ကောင်းကျိုးဖြာဝေ - မြန်မာပြည် သာယာစေ xxx (ဆုတောင်းတေး)

[ မူရင်း - ဘီဘီစီ၊ မြန်မာဌာန ]

http://moemaka.com/index.php?option=com_zoom&Itemid=53&page=view&catid=32&PageNo=4&key=27&hit=1

Thursday, April 16, 2009

New Year Wish from Mar Mar Aye - 2009

မင်္ဂလာ

မာမာအေး

ဧပြီ ၁၇၊ ၂၀၀၉

နှစ်ဆန်းပြီလေ

ဒေါင်းမျိုးဆွေတို့

“အိုးဝေသံ” ပြောင်း

စုပေါင်းလိုက်စမ်းပါ

“အဖေ့ခြေရာ”

မင်္ဂလာ၊ မင်္ဂလာ။

Monday, March 16, 2009

Thursday, December 18, 2008

Mar Mar Aye Foundation - Fund Raising Specail Audio CD

Click Here to listen her songs specially dedicated to
2007 Burma Saffron Revolution and
2008 Burmese Nargis Victims Relief.

Monday, December 15, 2008

Mar Mar Aye Foundation - Fund Raising Event a success

မာမာအေး ဖောင်ဒေးရှင်း၏ ပထမဆုံး ရန်ပုံငွေပွဲ ပြုလုပ်ပြီးစီး
မိုးမခ အထောက်တော် ၀၀၂
ဒီဇင်ဘာ ၁၅၊ ၂ဝဝ၈

တေးသံရှင်မာမာအေး နှင့် ဂီတမြတ်နိုးသူများ စုပေါင်းဖွဲ့စည်းထားသည့် ‘မာမာအေး ဖောင်ဒေးရှင်း’၏ ပထမဆုံး ရန်ပုံငွေ တေးဂီတဖျော်ဖြေပွဲကို အမေရိကန်ပြည်ထောင်စု၌ ဒီဇင်ဘာလ ၁၃ ရက်နေ့က ပြုလုပ်ခဲ့ရာ ပရိသတ် ၂ဝဝ ကျော် တက်ရောက် အားပေးခဲ့သည်။

ကယ်လီဖိုးနီးယားပြည်နယ် ဒေးလီးစီးတီးမြို့ရှိ ကပွဲရုံတစ်ခုတွင် ပြုလုပ်သော အဆိုပါ ဖျော်ဖြေပွဲကို ညနေ ၇ နာရီမှ ည ၁၁ နာရီအထိ ပြုလုပ်ခဲ့ပြီး တေးသံရှင်မာမာအေးနှင့် ဒေသခံအနုပညာရှင်များက ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။ ‘သီချင်းဆိုရအောင်’ ဟု အမည်ပေးထားသည့် အဆိုပါပွဲတွင် တေးသံရှင်မာမာအေးက ဖောင်ဒေးရှင်းနှင့်ပတ်သက်၍ ပရိသတ်အား ရှင်းပြပြီး ၎င်း၏ ကျော်ကြားသော တေးသီချင်းများထဲမှ ‘သက်တံပေါ်မှာ ကစားမယ်’၊ ‘ပိတောက်လမ်း’၊ ‘မေ့ကွက်ကိုရှာ’၊ ‘အိုဘယ့်တဏှာ မိမာယာ’ စသည့် တေးသီချင်းများကို ဆိုဖြစ်ခဲ့သည့်အကြောင်းများကို ပြောပြရင်း သီဆိုပြခဲ့သည့်အပြင် မြို့မငြိမ်း၏ ‘သက်ဝေ’သီချင်းကို မည်သို့ သီဆိုရကြောင်း တစ်ပိုဒ်ချင်း သင်ကြားပြသပြီး ပရိသတ်နှင့်အတူ သီဆိုခဲ့သည်။ ထို့ပြင် တေးသံရှင် မာမာအေး ထံ၌ စန္ဒရား ရက်တိုသင်တန်း တက်ရောက်ခဲ့သော မြန်မာကလေးငယ်များကလည်း ‘ထံတျာတေရှင်’ တေးသွားဖြင့် တင်ဆက်ခဲ့ကြသည်။

ဖျော်ဖြေပွဲအတွင်း တေးသံရှင် မာမာအေးက ‘ချမ်းမြေ့ပါစေ’ တေးသီချင်း သီဆိုရင်း ပရိသတ်အားလုံးကို တစ်ဦးချင်းလိုက်လံ နှုတ်ဆက်ခဲ့ပြီး ပရိသတ်များကလည်း အမှတ်တရ ပန်းစည်းပေးခြင်း၊ ဖောင်ဒေးရှင်းအတွက် အလှူငွေ ပေးအပ်ခြင်းများ ပြုလုပ်ခဲ့ကြသည်။

မာမာအေး ဖောင်ဒေးရှင်းကို အသက် ၆၆ နှစ် ပြည့်ခဲ့ပြီဖြစ်သည့် တေးသံရှင် မာမာအေး၏ အနုပညာမှတ်တမ်း အားလုံးကို သိမ်းဆည်းထားနိုင်ရန်၊ မြန်မာ့ဂန္ထဝင် တေးဂီတ ကို ဝိုင်းဝန်းထိန်းသိမ်းရန်နှင့် ဂီတအနုပညာရှင်များအား ပံ့ပိုးရန်၊ ပြည်ပရောက် မြန်မာကလေးများအတွက် မြန်မာစာ မြန်မာစကား သင်တန်းများ ဖွင့်လှစ်ပေးရန် စသည့် ရည်ရွယ်ချက်များဖြင့် အမေရိကန်ပြည်ထောင်စု၌ တရားဝင် မှတ်ပုံတင် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

Mar Mar Aye Foundation - Fund Raising Specail Audio CD

ဂီတပညာရှင် မာမာအေး ရန်ပုံငွေပွဲတွင် အထူးသီချင်းစီဒီ ဖြန့်ချိမည်

မိုးမခ

ဒီဇင်ဘာ ၈၊ ၂၀၀၈

လာမည့် စနေနေ့၊ ကယ်လီဖိုးနီးယား၊ ဆန်ဖရန်စ္စကိုဘေးဧရိယာက မြန်မာဂီတချစ်သူများရဲ့ အထူးအစီအစဉ်အဖြစ် ဒေါ်မာမာအေးရဲ့ “သီချင်းဆိုရအောင်” ဆိုတဲ့ ရန်ပုံငွေ ဂီတပွဲတရပ် ကျင်းပမှာ ဖြစ်ပါတယ်။ မြန်မာ့ဂန္ထ၀င် ဂီတပညာကို ထမ်းသိမ်းမြှင့်တင်ဖို့၊ မြန်မာဂန္တ၀င်ပညာရှင်များကို ထောက်ပံ့အားပေးနိုင်ဖို့ ရည်ရွယ်ချက်တွေနဲ့ ဒေါ်မာမာအေး အစဉ်တစိုက် ဆန္ဒရှိခဲ့တဲ့ ဖောင်းဒေးရှင်းလုပ်ငန်း ထူထောင်ဖို့ ပြုလုပ်တဲ့ ရန်ပုံငွေပွဲ ဖြစ်ပါတယ်။

ဒေါ်မာမာအေး နိုင်ငံရပ်ခြားမှာ နေထိုင်စဉ်အတွင်းမှာ ဘာသာရေးပွဲလမ်းများတွင် အသံလှူခြင်း၊ ဂီတဖျော်ဖြေပွဲများတွင် မြန်မာဂန္ထ၀င်တေးဂီတကို မိတ်ဆက်ပေးခြင်း၊ တေးဂီတ သင်တန်းများ ဆောင်ရွက်ပေးခြင်းအပြင် ဘီဘီစီ မြန်မာပိုင်းအစီအစဉ်မှာ အသံလွှင့်အစီအစဉ်တခု အပတ်စဉ် ထုတ်လွှင့်ပေးလျက်ရှိတာ တွေ့ရပါတယ်။

၂၀၀၇ စက်တင်ဘာ သံဃာတော်များရဲ့ ရွှေဝါရောင်တော်လှန်ရေးကစပြီးတော့ ဒေါ်မာမာအေးက သူ့ အနုပညာနဲ့ တေးသီချင်းများနဲ့ မြန်မာအမျိုးသားရေးကို လှုံဆော် အားပေးတဲ့ လှုပ်ရှားမှုများ၊ တေးသီချင်းဖြန့်ချိမှုများကို အစဉ်တစိုက် ဆောင်ရွက်လာခဲ့ပါတယ်။ ၂၀၀၈ နာဂစ် အရေးအခင်းမှာ မြန်မာတို့ အမျိုး ဘာသာ သာသနာကို ကာကွယ် စောင့်ရှောက်ဖို့ လှူဒါန်းကြဖို့ တိုက်တွန်းတဲ့ သီချင်းအပါအ၀င် ပုဒ်ရေ ၅ ခု ရှိခဲ့ပြီ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ၆၃ နှစ် မွေးနေ့ အခမ်းအနားတခုမှာ ဒေါ်မာမာအေး တင်ဆက်ခဲ့တဲ့ မူလနိုင်ငံတော်သီချင်း ပြန်လည် သင်ကြားမိတ်ဆက်တဲ့ အသံနှင့်တေးအပြင်၊ တီးလုံးသက်သက်ပါ နောက်တိုး ၂ ပုဒ်နဲ့ စုစုပေါင်း ၇ ပုဒ်ကို စုစည်းပြီး အဲဒီက ရန်ပုံငွေပွဲမှာ အထူးအစီအစဉ်အဖြစ် ဖြန့်ချိပါမယ်။ မိုးမခ မီဒီယာက မေတ္တာဖြင့် ထုတ်ဝေပြီး အလှူခံရသမျှအားလုံးကို ရန်ပုံငွေပွဲကို လှူဒါန်းမှာ ဖြစ်ပါတယ်။

ဒေါ်မာမာအေး အခြေချနေထိုင်တဲ့ ဖို့ဝိန်းအရပ်မှာ စေတနာဝန်ထမ်းလုပ်ငန်းများအဖြစ် ဆေးရုံများတွင် ကျန်းမာရေးပညာပေး လုပ်အားပေး ဆောင်ရွက်ခြင်း၊ ဘုန်းတော်ကြီးကျောင်းများတွင် ဆွမ်းကွမ်း အလှူအတမ်းများ ဆောင်ရွက်ခြင်းတို့ဖြင့် မိမိဂီတအလုပ်အားလပ်ချိန်တို့မှာ လုပ်ကိုင်နေလေ့ရှိတဲ့နည်းတူ ယခု ဆန်ဖရန်စစ္စကိုဘေးဧရိယာကို ရောက်ရှိနေစဉ်ကာလမှာလည်း အလယ်တန်းကျောင်းသူ မြန်မာကလေးငယ်များကို မြန်မာဂီတအခြေခံနဲ့ ပီယာနိုအတီး သင်ပေးနေတာကို တွေ့ရပါတယ်။ အဲသည် ကလေးတွေနဲ့အတူ ပွဲတော်မှာ သီဆိုဖျော်ဖြေမှု ပြုလုပ်ပြီး ကလေးတွေကို မြန်မာဂီတ၀ါသနာပါလာအောင် အားပေးစည်းရုံးအုံးမယ်လို့ သိရပါတယ်။

ဒေါ်မာမာအေးက ယခု တေးဂီတ ဖျော်ဖြေပွဲ မတိုင်ခင်မှာ ဆန်ဖရန်နဲ့ နယူးယောက်တို့က မြန်မာစာပေဟောပြောပွဲတွေမှာ သူ့ဂီတနဲ့ အနုပညာ အတွေ့အကြုံတို့ကို ဟောပြောခဲ့ပြီး ဖြစ်ပါတယ်။ မိုးမခကလည်း ဒေါ်မာမာအေး ဆန်ဖရန်စစ္စကို ခေတ္တရောက်ခိုက် စကားလက်ဆုံပြောခဲ့သမျှကို တင်ဆက်ပါဦးမယ်။

Thursday, December 4, 2008

Wednesday, December 3, 2008

Monday, December 1, 2008

Mar Mar Aye Foundation - Fund Raising Pwe in the news

‘မာမာအေး ဖောင်ဒေးရှင်း’ ရန်ပုံငွေပွဲ ဒီဇင်ဘာ ၁၃ တွင် ပြုလုပ်မည်
မိုးမခအထောက်တော် ၀၀၄
နိုဝင်ဘာ ၂၈၊ ၂၀၀၈

အသက် ၆၆ နှစ် ပြည့်ခဲ့ပြီဖြစ်သည့် တေးသံရှင် မာမာအေး က ၎င်း၏ ဂီတအမွေအနှစ် မှတ်တမ်းအားလုံးကို တစုတစည်းတည်း စုဆောင်း ထိန်းသိမ်းနိုင်ရန်နှင့် မြန်မာ့ ဂန္ထဝင်တေးဂီတ မပျောက်ပျက်အောင် ပံ့ပိုးနိုင်ရေးအတွက် အနုပညာချစ်သူများနှင့်အတူ ‘မာမာအေး ဖောင်ဒေးရှင်း’ အမည်ဖြင့် အဖွဲ့အစည်းတရပ် ထူထောင်ရန် ကြိုးပမ်းနေပြီး ယင်းအဖွဲ့ရန်ပုံငွေအတွက် တေးဂီတ ဖျော်ဖြေပွဲ ပြုလုပ်မည်ဖြစ်သည်။

‘သီချင်းဆိုရအောင်’ဟု အမည်ပေးထားသည့် အဆိုပါ ရန်ပုံငွေပွဲကို ဆန်ဖရန်စစ္စကို ပင်လယ်အော်ဒေသ (ဘေးဧရိယာ) ရှိ ဒေးလီးစီးတီးမြို့တွင် ဒီဇင်ဘာလ ၁၃ ရက် (စနေနေ့) ညနေ၌ ပြုလုပ်မည်ပြီး တေးသံရှင် မာမာအေးက ဒေသခံ အနုပညာရှင်များ၊ ဂီတပညာရှင်များနှင့် တွဲဖက် တင်ဆက်ဖျော်ဖြေသွားမည်ဖြစ်သည်။

ဖျော်ဖြေပွဲအတွင်း တေးသံရှင် မာမာအေးက ပရိသတ်တောင်းဆိုသည့် တေးသီချင်းများကို သီဆိုပေးမည့်အပြင်၊ သီချင်းသီဆိုပုံနည်းစနစ်များနှင့် ပတ်သက်၍ ရှင်းလင်းပြသပြီး ပရိသတ်က လိုက်ပါသီဆိုနိုင်အောင်လည်း သင်ကြားပေးမည်ဖြစ်သည်။

တေးသံရှင် မာမာအေးသည် မြန်မာ့ရုပ်ရှင် အသံတိတ်ခေတ်၊ ဓာတ်ပြားခေတ် မှစ၍ ယနေ့တိုင် ဂီတအနုပညာ လုပ်ငန်းများကို တစိုက်မတ်မတ် လုပ်ဆောင်ခဲ့သူဖြစ်ပြီး ဗြိတိန်နိုင်ငံ လန်ဒန်အခြေစိုက် ဘီဘီစီ အသံလွှင့်ဌာန (မြန်မာပိုင်းအစီအစဉ်) တွင် ‘ပြောပြစရာတွေ တပုံကြီးရှိသေးတယ်’ ခေါင်းစဉ်ဖြင့် ဘဝဖြတ်သန်းမှုနှင့် ဂီတအတွေ့အကြုံများကို အပတ်စဉ် တင်ဆက်လျက်ရှိသည်။

Saturday, November 22, 2008

Monday, November 17, 2008

Thursday, November 13, 2008

Mar Mar Aye Foundation to Host Fund Raising Event


Mar Mar Aye Foundation to Host Fund Raising Event for the 1st Time at the bay

On Dec 13th, 2008

The Flyer

What We Do & How We Work

What we do:

To serve public and community interests by performing traditional and contemporary Burmese Classic music

To operate programs designed to inform and educate the public about Burmese Classic music, artists, performances, festivals, radio play

Provide archival facilities for preserving and disseminating Burmese Classic music

To encourage making Burmese Classic music a part of our everyday lives

To create new and better opportunities for all persons involved in Burmese Classic music to learn and to share the common bonds of appreciation and participation in Burmese Classic music

How we work:

At the Facility community can enjoy a variety of activities and services, including:

  • Store that showcases Burmese Classic music, books, CDs
  • Classroom for educational seminars
  • Studio and Gallery

At the interactive multimedia Web site we offer

  • a large collection of music in digital format
  • artist information, performance schedules
  • interactive databases of radio shows, festivals and house concerts
  • discussion forums
  • services for artists, including online CD and MP3 sales

How you can help:

  • Volunteer
  • Contribute
  • Perform
  • Audience

Monday, July 21, 2008

About the Founder

About Mar Mar Aye, the Founder

Mar Mar Aye was born into an artistic family in Myaung Mya, Irrawaddy Delta, Burma.

Trained by her musician parents, she started singing at the age of three and released her first record when she was eight.

She entered the national stage at the age of 13 with her second record:

Thet Tan Paw Hmar Kasar-mae (Let’s Play on the Rainbow).

From 1955 to 1997(when she left Burma), she was acclaimed as an accomplished artist and one of the leading classical musicians in Burma.

She served on the Burmese National Musical Council and held a number of prestigious posts at the Burma Broadcasting Service (BBS) and the Ministry of Information and Culture. Her portfolio includes

· 6000 songs (including movie soundtracks, independent records, cassettes and radio broadcasts)

· founding the Aye Singing Academy and the Aye Musical Enterprise

· three movies Mya Chu Than (The Sound of Emerald Bells, nominated for an Academy Award.), Thu Go Hma Chit De, and Mandarlee

· novels titled Tho Galay May May [Little Lamb May May] (1974) and Yin Phwint Kyi Par Thu Nge Chin [Open Your Heart, My Friend] (serialized in Ma Haythi magazine in 1990 in Burma, republished in the U.S. in 2004)

After moving to the U.S. in 1998, she began compiling music research documents. She has since visited the UK, Australia, and Japan to delight her fans living outside the country.

She can be heard discussing a variety of topics under the heading “Pyaw Pya Sa Ya Dwe Le Ta Bon Gyi Shi The De” [“I Still Have So Much to Tell You”] in London-based BBC’s Burmese program section.

She honored the participants of the Saffron Revolution (which erupted in Burma in October 2007), with the song “A-thae Nar Kabar Makyae” [“Heartache to last till the World’s Annihilation”].

When Burma’s military regime held a national referendum to legitimize its hold on power, she recorded the rallying song “Vote No!”

Recently, to raise awareness of the plight of the Nargis disaster survivors, she recorded “Help the Cyclone Victims” (May 2008).