Tuesday, April 28, 2009

Mar Mar Aye Foundation opening ceremony - 13th December 2008


Mar Mar Aye Foundation opening ceremony with

Burmese Children playing Traditional Classics in Piano

April 28th, 2009

Mar Mar Aye - 274 BBC Series

ပြောပြစရာတွေလဲ တပုံကြီးရှိသေးတယ် အမှတ်(၂ရ၄)
မာမာအေး
ဧပြီ ၂၆၊ ၂ဝဝ၉
" - - - ပြီးစီးသွားပြန်ပြီပေါ့။ ပိတောက် ဝေလို့ ဝေမှန်း မသိ၊ ပိတောက်ကြွေလို့ ကြွေမှန်း မသိရတဲ့
မာအေးတို့ အမေရိကန် ရွာကလေးမှာတော့
နှစ်တိုင်း နှစ်စဉ် သင်္ကြန်ဆိုရင် လူငယ်လူကြီး တီးကြဟာ၊ ကကြဟာနဲ့ လုပြီးတော့တောင် ပျော်ခဲ့ကြတာပါ - - - "

သောတရှင်များ ကျန်းမာတော်မူကြပါစရှင်။ မာအေး ချစ်တဲ့ သောတရှင်တွေ ဂီတဝါသနာရှင်တွေ အားလုံး မာအေးရဲ့အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

သောတရှင်တို့ရေ - သင်္ကြန် အခါကြီးရက်ကြီးကတော့ ပြီးစီးသွားပြန်ပြီပေါ့။ ပိတောက် ဝေလို့ ဝေမှန်း မသိ၊ ပိတောက်ကြွေလို့ ကြွေမှန်း မသိရတဲ့ မာအေးတို့ အမေရိကန် ရွာကလေးမှာတော့ နှစ်တိုင်း နှစ်စဉ် သင်္ကြန်ဆိုရင် လူငယ်လူကြီး တီးကြဟာ၊ ကကြဟာနဲ့ လုပြီးတော့တောင် ပျော်ခဲ့ကြတာပါ။ ဒီနှစ်တော့ ဘာရယ်မသိပါဘူး၊ သင်္ကြန်သံတိတ် သီးလေးသီးနဲ့ ကွင်းပိတ်ထားပုံပါပဲ။

အချိန်တွေကလည်း စကားပြောဦးမှာကိုး ရှင့်။ မာအေးတို့ မပြောနဲ့၊ နောက်ဆုံးခေတ် နှစ် ၂၀ ကို တော်အထပ်ထပ် တောင်အထပ်ထပ် အကျဉ်းအကြပ် နှောင်ကြိုးရုန်းဖြတ် ထွက်လာလတ်တဲ့ ‘မောင်အိုးဝေလေးတွေ’ အသက်ဟာလည်း နည်းမှ မနည်းတော့ပဲ။ သားတွဲလွဲ သမီးတွဲလွဲ မြဆည်းလည်းလေးတွေ လက်ကဆွဲလို့ အမိအဖတွေ ရောက်လာကြလို့ တချို့ဆိုလည်း ဘုန်းဘုရားတို့ ကျောင်းဆီ ပို့၊ ကုသိုလ်ဆက်ကြဖို့ ခဲကြရပြီလေ။

ကိုယ့်မြေ ကိုယ့်ရေ အနေဝေးပေမယ့် ကိုယ့်ရိုးရာ အမွေလေးတော့ ဆက်ပေးခဲ့ကြရမှာမို့လား။ ဘုရားသာသနာ နဲ့ မြန်မာ့ယဉ်ကျေးမှု ဒီဘက်မှာရှိတဲ့ ကလေး သား မြေးတစုမှာ ဖြစ်တည်ရစ်လေအောင် ဇေတ၀န်ကျောင်းတော်က သင်္ကြန်ရက်ထဲ ‘အသံမစဲ မဟာပဋ္ဌာန်းရွတ်ပွဲ’ ကျင်းပပေးပါတယ်။ ဓမ္မရက္ခိတ ကျောင်းတော်က ကျောင်းမှာလာပြီး မြန်မာစာနဲ့ ယဉ်ကျေးမှု သင်တန်း တက်ကြတဲ့ ကလေးတွေနဲ့ ဆရာ ဆရာမ ကုသိုလ်ယူကြတဲ့ သူတွေကို ဆုလက်ဆောင်တွေ ချီးမြှင့်တယ်။ တဆက်တည်းမှာ ‘သက်ကြီးပူဇော်ပွဲ’ တတွဲတည်း ကျင်းပပေးပါတယ်။ လူမျိုးမရွေး ဘာသာမရွေး အသက်အရွယ်လိုက်ပြီး ကန်တော့ကြတဲ့ပွဲမို့ အဘိုး အဘွားက ရောင်စုံ၊ ကိုယ်လည်း ကြုံပြီပေါ့ရှင်။ ပုဝါတင်၊ တိုက်ပုံဝတ်နဲ့ သင်တိုင်းဝတ် နဲ့ မုတ်ဆိတ်ရှည်ကြီးတွေနဲ့ ကန်တော့ခံကြတော့ အမြင်ဆန်းဆန်း အင်းအန်းအန်းလိုပဲ။

ဗုဒ္ဓသိမ်တော်ထဲ ပီတိဖြစ်စရာ အတွဲအတွဲတွေလည်း ကန်တော့လာတော့ သာဓု သာဓု ဆုတွေပေးရ ‘အိမ်သတိရ’ ပေါ့။ ပြန်တော့မယ့်ဆဲဆဲ အပြင်ကို ကဲ ကြည့်လိုက်တော့ ကိုယ်က တေးသမား မဟုတ်လား၊ ‘မိုးကလေး တဖွဲဖွဲ ရွာတော့ ပျိုမေ၀ယ် သတိရတယ်’ ဆိုတဲ့ အမကြီး မာမာဝေကို သတိရသွားတယ်။ သူ ‘မာမာဝေ’ မိုး ကောင်းခဲ့လို့ မာအေးဆရာ ကိုသန်းအောင်က ‘မာမာ’ ဆိုတာ ယူပြီး ‘မာမာအေး’ လို့ နာမည်သစ် မှည့်ပေးခဲ့တာလေ။ အမကြီး မာမာဝေကိုလည်း သူ့ဆရာ တက္ကသိုလ်စိုးက နာမည်ပေးခဲ့တာ ဖြစ်မှာပါ။ ဆရာ တက္ကသိုလ်စိုးကိုရော အမကြီးကိုရော အသံလွှင့်ရုံမှာ တာဝန်ထမ်းတော့မှ တွေ့ခဲ့ သိခဲ့ရပါတယ်။ အမကြီးကတော့ အဆိုတော်ကြီး မေလှမြိုင် ဆီကို မကြာခဏ လာတွေ့တာနဲ့ သိခဲ့ရတာပါ။ သူတို့တွေကို အချင်းချင်းမို့ ပိုပြီး မမေ့တာ တရားပါတယ်နော်။

အဲဒီနေ့ကတော့ ဒီမှာလည်း မာအေးတို့ဆီ သင်္ကြန်ပြီးစ မြင်နေကျ ရာသီဥတုမျိုး ဖြစ်နေပါတယ်။ ကောင်ကင်ညို့ညို့ မှိုင်းမို့မို့လေးလေ။ ဒီတော့ ကိုယ့်အခြေအနေကို ကြည့်၊ ဆိုမိခဲ့တဲ့ တေးကဗျာ အသိက ပြေးလာထိရှစေပါရော - - ။

xxx ပညာရှာမီးတဲ့ အရွယ်ကတဖြာ xxx ကြင်ယာတွေ ရှာနေကြတဲ့ ဒုတိယအရွယ်က တဖြာ xxx သံသရာအရှုပ်ကို ကြောက်လို့ ခန္ဓာအပုပ်ကို ဖျောက်ဖို့ ဘာဝနာ သီလမြဲ ကုသိုလ်ပွဲကို နွှဲဖို့ခဲတဲ့ တတိယအရွယ်ကတဖြာ xxx ဖြတ်သန်းလာရ ကိုယ့်ဘ၀ခုခါ၊ ကိုယ့်ဘ၀ ခုအခါမှာ၊ အနုတရာ အလှတရာ ပွှင့်လွှာတွေ တဖွေးဖွေးကြွေလို့ ရိုးတန်ပြိုင်းပြိုင်း ကိုင်းခြောက် အထီးကျန်ဇရာ xxx ဘ၀က ပေးလာတဲ့ အတွေ့အကြုံတွေ၊ သြော် ရင်မှာပိုက်ပါလို့ တစိုက်စိုက် စမ်းကာ လှမ်းကာ လောက၀င်္ကပါ ဇရာတောမှာ အမောဖြေနေသော ငါ xxx

(တတိယအရွယ်ရဲ့ ဒုတိယဝေဒနာ မှ)

ကြားလိုက်ရဲ့မဟုတ်လား တေးချစ်သူတွေ ‘တတိယအရွယ်ရဲ့ ဒုတိယဝေဒနာ’ ဆိုတဲ့ သီချင်းထဲကလေ။ မောင်ကြေးမုံ လို့ ကျော်တဲ့ ချစ်သူငယ်ချင်း ရင်တွင်းသိက ရေးချပေးသွားတဲ့ စာကလေးပါရှင်။ ဟိုး စဆိုခဲ့စဉ်တုန်းကတော့ အရွယ်ကောင်းကိုး။ စိတ်ကူးရိုး စိတ်ကူးစဉ် အဓိပ္ပာယ်မြင်လာအောင်လို့သာ ဆိုခွင်လှလှ ရွေးဆိုချလိုက်တာပါ။ မကျည်းတန် အပျိုရံ ဆိုတာရော - ရင်ဖွင့်တာရော နှစ်ခွေလုံး သူငယ်ချင်း ကိုကြေး ရေးခဲ့တာပါ။ အသံသွင်းကြတာ ဘီတီဘုရားသား မျိုးနွယ်ဝင် ဦးဘသိန်းအိမ်၊ အဲ - - ဦးဘသိန်း စတူဒီယိုမှာပါရှင်။ တေးလက်ရာရှင် ထုတ်လုပ်သူပိုင်ရှင် တီးခတ်တဲ့ တူရိယာပညာရှင်တချို့ ပျောက်လို့သွားကြပြီ။ ပို့ဖို့တောင် ဝေးခေါင်သီမြင့် အခွင့်မသင့်လေဘူး။ စိတ်ကူးတာရော ပြန်တာရော တန်ခူးလေနဲ့မျှောလို့ သံချပ်တိုင်မှ ဇောကျမှာပါ။

‘သံချပ်’ လို့ ပြောမိတော့ ‘မိသွယ်’အကြောင်း ဆက်ပြောဦးမှပဲ ရှင့်။ ‘မိသွယ်’ ဆိုတာ ‘ခင်မောင်သွယ်’က ဆင်းသက်တာပါ။ အဲဒါ မောင်ကြေးမုံ လိုင်းစုံမတက်ခင် ဇာတာခွင်မှာ မိခင် ဖခင်က တင်ခဲ့တဲ့ နာမည်ရင်းပါပဲ။ ကိုယ်ကအစ ဘယ်သူမှလည်း မခေါ်ကြပါဘူး။ မျက်လုံးပြူးပြူး အသားညိုညို အရပ်က တိုတို မသိသေးတဲ့သူဆို ကုလားလေးလို့ ထင်နေမှာ။ ဗမာမှ ဗမာအစစ်ပါပဲ။ မျက်လုံးရွဲရွဲကြီး ထောင့်ကပ်၊ မျက်တောင်တဖျပ်ဖျတ်နဲ့ မူပြတတ်လွန်း ပြောင်လွန်းလို့ ‘မိသွယ်’ လို့ ဖုန်းကညာ တပါးလိုလို နှောက်ထားရပါတယ်။ သင်္ကြန်စင်တွေမှာ သံချပ်မင်းသား၊ သင်္ကြန်မင်းသား အဖြစ်နဲ့ နေရာတိုင်း ပရိသတ်တိုင်းက ပြောလာကြတာ ထောပနာကြတာ မောင်ကြေးမုံပါ။ သူပါတဲ့ သင်္ကြန်အဖွဲ့ဆို မဏ္ဍပ်မှာ ကြိုပြီး စောင့်နားထောင်တဲ့သူတွေ တထောကြီးပေါ့ရှင်။

ဒီနေ့တော့ တခြားပြောစရာတွေ မပြောသေးခင် မာအေးတို့ သူငယ်ချင်း နှစ်ယောက် ရှေးက ဆိုပုံမျိုး အတိုင်အဖောက် ဆိုခဲ့တာ နားထောင်ထားနှင့်ပါလား နော်။ ။

[ မူရင်း - ဘီဘီစီ၊ မြန်မာဌာန ]

http://moemaka.com/index.php?option=com_zoom&Itemid=53&page=view&catid=32&PageNo=4&key=28&hit=1

Tuesday, April 21, 2009

Mar Mar Aye - 273 BBC Series

ပြောပြစရာတွေလဲ တပုံကြီးရှိသေးတယ် အမှတ်(၂၇၃)
နှစ်ဦး ဆုတောင်း
မာမာအေး
ဧပြီ ၁၉၊ ၂ဝဝ၉
“ - - - မွေးရပ်ဌာနေ အမိမြေမှာ ပိတောက်ဝါရွှေ ထိန်ထိန် ဝေပါရဲ့လား။ သင်္ကြန်လက်ဆေး မိုးကလေးရော အပြေး လာသလား၊ အေးပါသလား - - -”

သောတရှင်များ ကျန်းမာတော်မူကြပါစရှင်။ မာအေး ချစ်တဲ့ သောတရှင်တွေ ဂီတဝါသနာရှင်တွေ အားလုံး မာအေးရဲ့အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

သောတရှင်တို့ရေ - မင်္ဂလာနှစ်ဦး အတာကြူးတဲ့ မဟာသင်္ကြန် တန်ခူးရေပွဲနဲ့ လွဲရတာ ကြာပြီရှင်။ မွေးရပ်ဌာနေ အမိမြေမှာ ပိတောက်ဝါရွှေ ထိန်ထိန် ဝေပါရဲ့လား။ သင်္ကြန်လက်ဆေး မိုးကလေးရော အပြေး လာသလား၊ အေးပါသလား၊ ကားအလှသင်္ကြန် သံချပ်သံတို့ အလျှံအပယ် တွယ်မှတွယ်ပဲလား၊ ဝိုးတိုးဝါးတား သင်္ကြန်ရိပ်က အတိတ်လှလှတွေကို ရေမြေလေ ရှိနေသမျှ သတိတွေ ရနေမှာပါပဲလေ။

xxx ထက်ကောင်းကင် မိုးဖျားက သွန်းလာ၊ ရွာမယ့် ရွှေမိုးကို စောင့်ကာ ပိတောက်မြိုင် သင်းပျံ့လှိုင်လို့သာ စုံထူး ငုံဖူးလွှာ xxx ပယင်းရောင် ဝင်းဝါပြောင်လို့သာ ရွှေမိုးကို ကိုးကာနေရှာ xxx ထက်ကောင်းကင် မိုးဖျားက သွန်းလာ ရွာမယ့် ရွှေမိုးကို စောင့်ကာ ပွင့်ဖူးလွှာ မိုးကို မျှော်ကိုးကာ စောင့်စားနေရရှာ xxx (ရွှေဝါဖူးမှ)

တပေါင်းလေနှောတဲ့ တန်ခူးနွေဟာ အနေခက်အောင် အိုက်လှောင်တာကိုး၊ သင်္ကြန် လက်ဆေးမိုးကလေးမှ မရွာရင် စွေ့စွေ့ခုန် ပူကုန်မှာမို့ မျှော်မိတာက တဖက်၊ ပိတောက် ရွှေခက် သင်္ကြန်ရက်မှာ ဘုရားတက် ကပ်လှူချင်တာ၊ ကေသာမှာ ဝေဆာဆာ မက်မက်စက်စက် ပန်ချင်တာက တဖက်နဲ့ စိတ်လိုလက်ရ မမရှင်ရဲ့ ရွှေဝါဖူးလေး တပိုင်းတစ ညည်းခဲ့ရတာ တခါ နှစ်ခါ ဘယ် က မှာတဲ့တုန်း။

သူလည်းပျော် ကိုယ်လည်းပြုံး ရေတဝုန်းဝုန်းနဲ့ ငယ်တုန်းကာလ သင်္ကြန်ရူးကြတာ ကလေးတိုင်းပဲဟာ ကိုယ်တိုင်လည်း ပါတာပေါ့။ မာအေးတို့ မိသားစု အခြေချခဲ့တဲ့ ဦးဝိစာရ လမ်းပေါ်က ကျူးကျော်ရပ်ကွက်ကြီးကို ကပ္ပလီကွက်သစ် လို့ ခေါ်ပါတယ်။ ဟိုနယ် သည်နယ်တွေက အခြေအနေ မလှလို့ တစတစ မြို့ပေါ် တက်လာနေတဲ့သူတွေ နေကြပါတယ်။ ခုတော့ ဗိုလ်ချုပ်တို့ တော်လှန်ရေးခရီး စခဲ့တဲ့ သမိုင်းဝင် နေရာမို့ ‘တော်လှန်ရေးပန်းခြံကြီး’ လုပ်ထားလိုက်ပါပြီ။

အဲဒီမှာ နေတဲ့ လမ်းသွယ်လေးက စိန်ပန်းပင်တွေ တန်းနေလို့ “စိန်ပန်းပင်လမ်း”လို့ ခေါ်လိုက်ကြတာပဲ။ တကယ့် နာမည်က ‘တပင်ရွှေထီးလမ်း’ပါ။ လမ်းထိပ်မှာ သင်္ကြန်နီးမှ ပွင့်တဲ့ ကန်တော်မင်ပန်းခြံတဝိုက်က ငုဝါ၊ ပျဉ်းမ၊ စိန်ပန်းတို့နဲ့အပြိုင် ပိတောက်ပန်း အရင် ဝါဝါရည်ရွှင် အရောင်ပြောင်းဆင်တတ်တဲ့ ဧရာမ ကုက္ကိုပင်ကြီး တပင် ရှိခဲ့တယ်။ တခါမှ အရွက် မကြွေဘူး။ သူ့အမြစ်ကြီးတွေ ခုံးထနေတာက မာအေးတို့ ချွေးသိပ်ဖို့ ထိုင်စရာ ကလေးဘုံရိပ်သာပါပဲ။ အရိပ်ကောင်းတော့ သင်္ကြန်မဏ္ဍပ်ထိုးဖို့ မလိုဘူးပေါ့။ ရေရှားတာကတော့ အညာလိုပဲမို့ မျက်နှာချင်းဆိုင်က သူဌေးခြံတွေမှာ ရေလောင်း၊ ထမ်းပိုးနဲ့ ထမ်းသူက ထမ်း၊ လောင်းထောင့်သံပုံးနဲ့ ရွက်သူက ရွက်၊ တဝက်ပြတ် သံစည်ပိုင်းတွေနဲ့ ရေ ကြိုစုထားပြီးမှ ရေ ပက်ကြရပါတယ်။ ဗဟန်းဘက်ကတော့ ပို စည်ကားပါတယ်။ ကန်တော်ကြီးလည်း ရှိတော့ ရေပေါတာကိုး။

ဦးဝိစာရလမ်းမှာ မြင်းလှည်းလိုင်းရှိတော့ သင်္ကြန်ဆို အမိုးဖွင့် ပြေးဆွဲပေးတာ ပျော်စရာကြီး။ ရေလိုက်ပက်တဲ့ ကလေးတွေ နောက်မှာ တသီကြီး။ မြင်းနဲ့ ပြိုင်ပြေး၊ နောက်ကနေ ဆွဲထား၊ တဟားဟားနဲ့ပေါ့။ မြင်းလှည်းဘေးက ကပ်လိုက်ရင်းနဲ့ ‘ဟို အပျိုကို လိုချင်လွန်းလို့ ဖမ်းလို့ ပေးပါ၊ ဆီးလို့ ပေးပါ’ ယောင်္ကျားလေးတွေ အဲဒီလို ဆိုကြတာပဲ။

အဲဒီတုန်းက အမကြီးတွေ ဆံပင်အလှဖီးရင် အမောက်ဖောင်းဖောင်း တင်ကြပါတယ်။ ဆံပင်ကို အလယ်က ခွဲပြီး ဘေးကနေ ပြန် လိပ်တင်တဲ့ ပုံမျိုးပေါ့ရှင်။ ဒါမျိုး တွေ့ရင်လည်း ‘အမောက်ကြီးကို လိပ်ကြီးမှတ်လို့ ခွေးတွေဟောင်၊ အနားကျမှ လူမှန်းသိလို့ ဘေးကို ရှောင်’ ဆိုပြီး လှောင်ကြ အော်ကြတယ်။ ပြီးတော့ ‘အပျိုပိန်ပိန် ရေမစိမ်နဲ့ အီကြာကွေး၊ အီကြာကွေး’ တဲ့။ ‘ဟို အဒေါ်ကြီး ဆောင့်ကြောင့်ထိုင် မော်လမြိုင်က နှင်းဆီပွင့်ကြီး’ တဲ့။

လှည်းပေါ်က ပြန်အော်ကြရင်လည်း ရိုးရိုးပါပဲ။ ‘ခွက်စုတ်လေးနဲ့ ပက်တာလောက်တော့ ရယ်တာပေါ့၊ ရယ်တာပေါ့’ နောက် ‘ဟိုကောင်ကလေး ညိုတိုတို၊ တို့ကို ကြိုက်လို့ ငို၊ နင်ငိုပေမယ့် အလကား ဟဲ့နွား၊ ဟဲ့နွား’ တဲ့။ သင်္ကြန်သီချင်း သင်္ကြန်သံချပ်တွေ သိပ် မပေါ်ထင်သေးတဲ့ ကာလပါ။ ပြည်သူပိုင် မသိမ်းခင်ကတော့ ကုမ္ပဏီ ကြော်ငြာ အလှကားတွေ ရှိတာပေါ့။ V စီးကရက်၊ ကြောင်နက်၊ ဂိုးဖလိပ် အလှကားတွေနဲ့လည်း သင်္ကြန်မှာ လှည့်ဆိုခဲ့ဖူးပါတယ်။ သင်္ကြန်သီချင်း သီးသန့် မရှိပါဘူး။ စီးကရက် ကြော်ငြာပဲ ဆိုရတာပါ။

ရောင်းတန်း ဓာတ်ပြား တခေတ်လုံး ‘သင်္ကြန်ကြိုချိန်’ ဆိုတဲ့ ‘တက္ကသိုလ်မျိုးချစ်’ ဓာတ်ပြား တချပ်ပဲ ကြားဖူးပါတယ်။ ‘မန်းတောင်ရိပ်ခို နဲ့ ရက်မြတ်သင်္ကြန်’ တောင်မှ ကိုအံ့ကြီးတို့ ဘီတီ ဘုရားသား ကော်ဖီ ကြော်ငြာရင်း ဆိုလို့ လူသိတာပါ။ တက္ကသိုလ်စိုး ရေးတဲ့ ‘သင်္ကြန်မောင်မယ်’ သီချင်းကို ကိုစိုးအောင်နဲ့ ရီရီဝေတို့ အသံလွှင့်ခဲ့တာ သတိရတုန်း ညည်းထားဦးမယ်၊ ရန်ကုန်သင်္ကြန် သရုပ်၊ ပြယုပ်လေးတခု သိအောင်ပါ။

ကျား - အသားလေးနီနီ ပါးလေးနီနီ ပိတောက်ပန်းလေး မြန်းလို့ ဆင်တော့ ယဉ်လှသူရေ xxx

မ - တကယ်ကြမ်းကြမ်း မရမ်းကားပါနဲ့ ရေကစားရင်လေ xxx

ကျား - ခင်နဲ့ မောင် သင်္ကြန်တော်တွင်းမှာ သည်ရေမွှေးကို ဖျန်းပက်ပါရစေ xxx

မ - ဖျန်းပက်တော့ ပျို့မောင်ရေ၊ တကယ်မွှေးပါသလေ xxx (သင်္ကြန်မောင်မယ်)

ချစ်ဆွေတို့ မာအေးက ဒီနှစ် သင်္ကြန်မှာ သီလခံထားပါတယ်။ နှစ်သစ်အပြောင်းမှာ “မင်္ဂလာအပေါင်းနဲ့ ပြည့်စုံတော်မူကြပါစေ” လို့ ဆုတောင်းလိုက်ပါတယ် သောတရှင်တို့ရယ်။

‘မဂ်ံပါပံ လုနာတိ ဆိန္ဒတီထိ မင်္ဂလာ’ တဲ့။ မကောင်းမှု ဟူသမျှကို ပယ်ဖြတ်နိုင်တဲ့ သတ္တိ ရှိတာဟာ ‘မင်္ဂလာ’ ဆိုလို့ မကောင်းတာတွေနဲ့ ဝေးအောင် ဆုတောင်းပေးတာပါနော်။ လက်ျာတောင်ကျွန်း နိမိတ်ထွန်းတဲ့ပြည်မို့ - - မင်္ဂလာစကား ပွားများ လက်ဆင့်ကမ်းကြ၊ မင်္ဂလာယူတော်မူနိုင်ကြပါစေရှင်။

*မင်္ဂလာစကားတွေ

*ဆင့်ဆင့်ပွားလေ

*ကောင်းကျိုးဖြာဝေ - မြန်မာပြည် သာယာစေ xxx (ဆုတောင်းတေး)

[ မူရင်း - ဘီဘီစီ၊ မြန်မာဌာန ]

http://moemaka.com/index.php?option=com_zoom&Itemid=53&page=view&catid=32&PageNo=4&key=27&hit=1

Thursday, April 16, 2009

New Year Wish from Mar Mar Aye - 2009

မင်္ဂလာ

မာမာအေး

ဧပြီ ၁၇၊ ၂၀၀၉

နှစ်ဆန်းပြီလေ

ဒေါင်းမျိုးဆွေတို့

“အိုးဝေသံ” ပြောင်း

စုပေါင်းလိုက်စမ်းပါ

“အဖေ့ခြေရာ”

မင်္ဂလာ၊ မင်္ဂလာ။