Monday, December 1, 2008

Mar Mar Aye Foundation - Fund Raising Pwe in the news

‘မာမာအေး ဖောင်ဒေးရှင်း’ ရန်ပုံငွေပွဲ ဒီဇင်ဘာ ၁၃ တွင် ပြုလုပ်မည်
မိုးမခအထောက်တော် ၀၀၄
နိုဝင်ဘာ ၂၈၊ ၂၀၀၈

အသက် ၆၆ နှစ် ပြည့်ခဲ့ပြီဖြစ်သည့် တေးသံရှင် မာမာအေး က ၎င်း၏ ဂီတအမွေအနှစ် မှတ်တမ်းအားလုံးကို တစုတစည်းတည်း စုဆောင်း ထိန်းသိမ်းနိုင်ရန်နှင့် မြန်မာ့ ဂန္ထဝင်တေးဂီတ မပျောက်ပျက်အောင် ပံ့ပိုးနိုင်ရေးအတွက် အနုပညာချစ်သူများနှင့်အတူ ‘မာမာအေး ဖောင်ဒေးရှင်း’ အမည်ဖြင့် အဖွဲ့အစည်းတရပ် ထူထောင်ရန် ကြိုးပမ်းနေပြီး ယင်းအဖွဲ့ရန်ပုံငွေအတွက် တေးဂီတ ဖျော်ဖြေပွဲ ပြုလုပ်မည်ဖြစ်သည်။

‘သီချင်းဆိုရအောင်’ဟု အမည်ပေးထားသည့် အဆိုပါ ရန်ပုံငွေပွဲကို ဆန်ဖရန်စစ္စကို ပင်လယ်အော်ဒေသ (ဘေးဧရိယာ) ရှိ ဒေးလီးစီးတီးမြို့တွင် ဒီဇင်ဘာလ ၁၃ ရက် (စနေနေ့) ညနေ၌ ပြုလုပ်မည်ပြီး တေးသံရှင် မာမာအေးက ဒေသခံ အနုပညာရှင်များ၊ ဂီတပညာရှင်များနှင့် တွဲဖက် တင်ဆက်ဖျော်ဖြေသွားမည်ဖြစ်သည်။

ဖျော်ဖြေပွဲအတွင်း တေးသံရှင် မာမာအေးက ပရိသတ်တောင်းဆိုသည့် တေးသီချင်းများကို သီဆိုပေးမည့်အပြင်၊ သီချင်းသီဆိုပုံနည်းစနစ်များနှင့် ပတ်သက်၍ ရှင်းလင်းပြသပြီး ပရိသတ်က လိုက်ပါသီဆိုနိုင်အောင်လည်း သင်ကြားပေးမည်ဖြစ်သည်။

တေးသံရှင် မာမာအေးသည် မြန်မာ့ရုပ်ရှင် အသံတိတ်ခေတ်၊ ဓာတ်ပြားခေတ် မှစ၍ ယနေ့တိုင် ဂီတအနုပညာ လုပ်ငန်းများကို တစိုက်မတ်မတ် လုပ်ဆောင်ခဲ့သူဖြစ်ပြီး ဗြိတိန်နိုင်ငံ လန်ဒန်အခြေစိုက် ဘီဘီစီ အသံလွှင့်ဌာန (မြန်မာပိုင်းအစီအစဉ်) တွင် ‘ပြောပြစရာတွေ တပုံကြီးရှိသေးတယ်’ ခေါင်းစဉ်ဖြင့် ဘဝဖြတ်သန်းမှုနှင့် ဂီတအတွေ့အကြုံများကို အပတ်စဉ် တင်ဆက်လျက်ရှိသည်။

No comments: