Monday, December 15, 2008

Mar Mar Aye Foundation - Fund Raising Event a success

မာမာအေး ဖောင်ဒေးရှင်း၏ ပထမဆုံး ရန်ပုံငွေပွဲ ပြုလုပ်ပြီးစီး
မိုးမခ အထောက်တော် ၀၀၂
ဒီဇင်ဘာ ၁၅၊ ၂ဝဝ၈

တေးသံရှင်မာမာအေး နှင့် ဂီတမြတ်နိုးသူများ စုပေါင်းဖွဲ့စည်းထားသည့် ‘မာမာအေး ဖောင်ဒေးရှင်း’၏ ပထမဆုံး ရန်ပုံငွေ တေးဂီတဖျော်ဖြေပွဲကို အမေရိကန်ပြည်ထောင်စု၌ ဒီဇင်ဘာလ ၁၃ ရက်နေ့က ပြုလုပ်ခဲ့ရာ ပရိသတ် ၂ဝဝ ကျော် တက်ရောက် အားပေးခဲ့သည်။

ကယ်လီဖိုးနီးယားပြည်နယ် ဒေးလီးစီးတီးမြို့ရှိ ကပွဲရုံတစ်ခုတွင် ပြုလုပ်သော အဆိုပါ ဖျော်ဖြေပွဲကို ညနေ ၇ နာရီမှ ည ၁၁ နာရီအထိ ပြုလုပ်ခဲ့ပြီး တေးသံရှင်မာမာအေးနှင့် ဒေသခံအနုပညာရှင်များက ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။ ‘သီချင်းဆိုရအောင်’ ဟု အမည်ပေးထားသည့် အဆိုပါပွဲတွင် တေးသံရှင်မာမာအေးက ဖောင်ဒေးရှင်းနှင့်ပတ်သက်၍ ပရိသတ်အား ရှင်းပြပြီး ၎င်း၏ ကျော်ကြားသော တေးသီချင်းများထဲမှ ‘သက်တံပေါ်မှာ ကစားမယ်’၊ ‘ပိတောက်လမ်း’၊ ‘မေ့ကွက်ကိုရှာ’၊ ‘အိုဘယ့်တဏှာ မိမာယာ’ စသည့် တေးသီချင်းများကို ဆိုဖြစ်ခဲ့သည့်အကြောင်းများကို ပြောပြရင်း သီဆိုပြခဲ့သည့်အပြင် မြို့မငြိမ်း၏ ‘သက်ဝေ’သီချင်းကို မည်သို့ သီဆိုရကြောင်း တစ်ပိုဒ်ချင်း သင်ကြားပြသပြီး ပရိသတ်နှင့်အတူ သီဆိုခဲ့သည်။ ထို့ပြင် တေးသံရှင် မာမာအေး ထံ၌ စန္ဒရား ရက်တိုသင်တန်း တက်ရောက်ခဲ့သော မြန်မာကလေးငယ်များကလည်း ‘ထံတျာတေရှင်’ တေးသွားဖြင့် တင်ဆက်ခဲ့ကြသည်။

ဖျော်ဖြေပွဲအတွင်း တေးသံရှင် မာမာအေးက ‘ချမ်းမြေ့ပါစေ’ တေးသီချင်း သီဆိုရင်း ပရိသတ်အားလုံးကို တစ်ဦးချင်းလိုက်လံ နှုတ်ဆက်ခဲ့ပြီး ပရိသတ်များကလည်း အမှတ်တရ ပန်းစည်းပေးခြင်း၊ ဖောင်ဒေးရှင်းအတွက် အလှူငွေ ပေးအပ်ခြင်းများ ပြုလုပ်ခဲ့ကြသည်။

မာမာအေး ဖောင်ဒေးရှင်းကို အသက် ၆၆ နှစ် ပြည့်ခဲ့ပြီဖြစ်သည့် တေးသံရှင် မာမာအေး၏ အနုပညာမှတ်တမ်း အားလုံးကို သိမ်းဆည်းထားနိုင်ရန်၊ မြန်မာ့ဂန္ထဝင် တေးဂီတ ကို ဝိုင်းဝန်းထိန်းသိမ်းရန်နှင့် ဂီတအနုပညာရှင်များအား ပံ့ပိုးရန်၊ ပြည်ပရောက် မြန်မာကလေးများအတွက် မြန်မာစာ မြန်မာစကား သင်တန်းများ ဖွင့်လှစ်ပေးရန် စသည့် ရည်ရွယ်ချက်များဖြင့် အမေရိကန်ပြည်ထောင်စု၌ တရားဝင် မှတ်ပုံတင် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

No comments: